ထိုင်းနိုင်ငံမှာ သက်သတ်လွတ်ပွဲတော်ကို နှစ်စဉ်လိုလို ကျင်းပလေ့ရှိပါတယ်။ ၂၀၁၉ ခုနှစ် သက်သတ်လွတ်ပွဲတော်ကိုတော့ စက်တင်ဘာ ၂၈ ရက်နေ့ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ ကျင်းပနေပါတယ်။
ဒီပွဲတော်ရဲ့ ထူးခြားချက်တခုကတော့ လူအများစုက ချွန်ထက်တဲ့ ဓား၊ လှံ စတဲ့အရာတွေနဲ့ ထိုးစိုက်ထားကြတာပါပဲ။ ဒီသက်သတ်လွတ်ပွဲတော်ကို ထိုင်းနိုင်ငံရဲ့ နေရာအများအပြားမှာ ကျင်းပလေ့ ရှိပါတယ်။ အဓိကကျင်းပလေ့ရှိတာကတော့ ဖူးခက်နဲ့ တရုတ်အများစု နေထိုင်တဲ့ နေရာတွေမှာပါ။
ဖူးခက်ခရီးသွား လုပ်ငန်းရှင်များကလည်း တရုတ်ခရီးသွား အများစု လာရောက်ဖို့ မျှော်လင့်ထားပြီး ထိုင်းဘတ် ၂ ဘီလီယံဝင်ငွေ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အခုကျင်းပနေတဲ့ သက်သတ်လွတ်ပွဲတော်ဟာ တရုတ်အမျိုးသားနေ့နဲ့ပါ တိုက်ဆိုင်နေတဲ့ ကာလပါ။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဟိုတယ်၊ စားသောက်ဆိုင်တွေဟာ ဝင်ငွေပိုတိုးလာမယ်လို့ မျှော်လင့်ထားကြောင်း ဖူးခက် ခရီးသွားလာရေးအကြီးအကဲဖြစ်တဲ့ Bhummikitti Ruktaengam က ပြောပါတယ်။
ထိုင်းနိုင်ငံမှာကျင်းပတဲ့ သက်သတ်လွတ်ပွဲတော်ကို စင်ကာပူနဲ့ မလေးရှားနိုင်ငံသားတွေလည်း လာရောက်လေ့ရှိပါတယ်။ ဒါကြောင့်လည်း ဖူးခက်ကို လာရောက် လည်ပတ်ကြမယ့် ထိုင်းနိုင်ငံသားနဲ့ နိုင်ငံခြားသားတွေဆီကနေ ဝင်ငွေ ထိုင်းဘတ် ၂ ဘီလီယံရဖို့ မျှော်လင့်ထားတဲ့အကြောင်း သူက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံ ဖူးခက်မှာကျင်းပလေ့ရှိတဲ့ သက်သတ်လွတ်ပွဲတော်ဟာ တရုတ်ဇာတ်အဖွဲ့တဖွဲ့ကို အကြောင်းပြုပြီး ပေါ်ပေါက်လာတာပါ။ အဲဒီဇာတ်အဖွဲ့ဟာ ဖူးခက်မှာ အလုပ်လုပ်နေကြတဲ့ တရုတ် လူမျိုးတွေကိုဖျော်ဖြေဖို့ရောက်ရှိလာပြီး သိပ်မကြာခင်မှာ ဇာတ်အဖွဲ့ တဖွဲ့လုံးနေထိုင်မကောင်း ဖြစ်ခဲ့ကြပါတယ်။
အဲဒီနောက်တော့ သက်ဆိုင်ရာ နတ်ဘုရားတွေကို ပူဇော်ပသကြပြီး ဇာတ်တဖွဲ့လုံး သက်သတ်လွတ် စားခဲ့ကြပါတယ်။ မကြာခင်မှာတော့ ဇာတ်အဖွဲ့ တဖွဲ့လုံး နေပြန်ကောင်းလာခဲ့ကြပြီး သက်သတ်လွတ်စားခြင်းက ကံကောင်းခြင်းကို ယူဆောင်ပေးတယ်လို့ ယူဆပြီးနောက်ပိုင်း သက်သတ်လွတ်ပွဲတော်ကို နှစ်စဉ် ကျင်းပလာခဲ့ကြခြင်းပဲဖြစ်ပါတယ်။
Ref. Bangkokpost