ကာလရှည်ကြာစွာကတည်းက ဆော်ဒီအာရေဗျနိုင်ငံမှာ ပြည်တွင်း လာရောက် လည်ပတ်မှုကို ကန့်သတ်ချက်တွေ ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံကို လာရောက်ခဲ့ကြတဲ့ ခရီးသွား ၁၆ သန်းရှိခဲ့သလို အရှေ့အလယ်ပိုင်းဒေသမှာ ဒုတိယအကြီးဆုံး ခရီးသွားလာရေး လုပ်ငန်းကို လုပ်ဆောင်နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဆော်ဒီအာရေဗျနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေကတော့ ဘုရားဖူးဧည့်သည်တွေသာ ဖြစ်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာဆိုရင်လည်း ဘုရားဖူး လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေဆီကနေ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံလောက်အထိ ရမယ်လို့ ဆော်ဒီ အာရေဗျနိုင်ငံက ခန့်မှန်းထားပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံဟာ ရေနံကြောင့် ချမ်းသာလာတဲ့ နိုင်ငံဖြစ်ပေမယ့် နောက်ပိုင်းကာလတွေမှာ ရေနံကနေ ဝင်ငွေသိပ်ရလာနိုင်စရာ အကြောင်း မရှိတော့ပါဘူး။ သဘာဝသယံဇာတဆိုတာ ကုန်ဆုံးသွားရမြဲ အရာတွေသာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဆော်ဒီအစိုးရက နိုင်ငံတကာခရီးသွားဧည့်သည်တွေအနေနဲ့ ဘာသာလူမျိုးမရွေး ဆော်ဒီနိုင်ငံကို လာရောက်လည်ပတ်ကြဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဆော်ဒီအစိုးရရဲ့ကမ်းလှမ်းမှုဟာ အခုအကြိမ်က ပထမဆုံးအကြိမ်ပါပဲ။
ခရီးသွားလာရေးလုပ်ငန်းအကြီးအကဲတယောက်ဖြစ်တဲ့ Ahmed al-Khateeb ကလည်း “အခုလို နိုင်ငံတကာက ခရီးသွားဧည့်သည်တွေကို ဆော်ဒီအာရေဗျနိုင်ငံကို လာရောက် လည်ပတ်ခွင့် ပြုလိုက်တာဟာ သမိုင်းဝင် အခိုက်အတန့်ပါပဲ။ ဆော်ဒီနိုင်ငံကို လာရောက် လည်ပတ်ကြသူတွေကို ဝေမျှပေးစရာတွေအများကြီးအနက်ကမှ အဓိကဝေမျှပေးချင်တဲ့ အရာတွေကတော့ UNESCO အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်တွေပါပဲ။ ဆော်ဒီအာရေဗျနိုင်ငံမှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်နေရာ ၅ နေရာတောင်ရှိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံကို နိုင်ငံပေါင်း ၄၉ နိုင်ငံက အွန်လိုင်းဗီဇာလျှောက်ထားနိုင်သလို ဆော်ဒီနိုင်ငံကိုလာရောက်မယ့် အမျိုးသမီးတွေအနေနဲ့လည်း တော်သင့်ရုံ အဝတ်အစားတွေကို ဝတ်ဆင် လည်ပတ်နိုင်ပါတယ်လို့ Ahmed al-Khateeb ကပြောပါတယ်။
ဒါပေမယ့် ဆော်ဒီအာရေဗျနိုင်ငံဟာ အရက်သောက်သုံးခြင်းကို တားမြစ်ထားတဲ့ နိုင်ငံဖြစ်သလို တင်းကြပ်တဲ့ လူမှုရေးသတ်မှတ်ချက်တွေလည်း ရှိနေသေးတဲ့အတွက် ခရီးသွားတွေအတွက်တော့ အခက်အခဲ တစုံတရာရှိလာနိုင်ပါတယ်။
ဆော်ဒီနိုင်ငံကို လာရောက် လည်ပတ်ခွင့်ရမယ့် ၄၉ နိုင်ငံစာရင်းမှာ အာရှနိုင်ငံတွေလည်း ပါဝင်ပါတယ်။ အဲဒီ အာရှနိုင်ငံတွေကတော့ စင်ကာပူ၊ ဘရူနိုင်း၊ တောင်ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ တရုတ်စတဲ့ နိုင်ငံတွေ ပါဝင်ပါတယ်။
Ref. Bangkokpost, Gulfnews