Travel

လက်မထပ်ရသေးတဲ့ ခရီးသွားတွေကို အတူ တည်းခိုခွင့်ပြုလိုက်တဲ့ ဆော်ဒီအစိုးရ

ဆော်ဒီအာရေဗျနိုင်ငံဟာ ရှေးရိုးစွဲ အစဉ်အလာ ကြီးမားတဲ့ နိုင်ငံဖြစ်ပြီး ဘာသာရေး အစွဲအလမ်း ကြီးသလို အစဉ်အလာ ဘာသာရေး ဥပဒေတွေကိုလည်း လေးစားလိုက်နာတဲ့ နိုင်ငံ ဖြစ်ပါတယ်။

အရင်တချိန်တုန်းကတော့ ဆော်ဒီအမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေး မရခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆော်ဒီဘုရင်က အမျိုးသမီးတွေအပေါ် ကန့်သတ်ထားတဲ့ ဥပဒေတွေကို ပြင်ဆင် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ဆော်ဒီအမျိုးသမီးတွေဟာ နိုင်ငံတွင်း ကားမောင်းခွင့် ရခဲ့သလို အမျိုးသားတွေနဲ့တန်းတူ အလုပ်လုပ်ပိုင်ခွင့်လည်း ရရှိခဲ့ပါတယ်။

အရင်တုန်းက ဆော်ဒီအမျိုးသမီးတွေဟာ အိမ်ထောင်စုအတွင်းက အမျိုးသား တယောက်ယောက် မပါဘဲ ခရီးသွားခွင့် မရှိခဲ့ပါဘူး။ နိုင်ငံရပ်ခြား ခရီးသွားလိုတဲ့ အမျိုးသမီးတွေဟာ အမျိုးသားအဖော် တယောက်ယောက် ပါမှပဲ ခရီးသွားခွင့် ရှိပါတယ်။ နောက်ပိုင်းမှာတော့ ဆော်ဒီဘုရင်က အမျိုးသမီးတွေကို လွတ်လပ်စွာ ခရီးသွားခွင့် ပြုခဲ့ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမှာ ကန့်သတ်ချက်တွေ အများကြီး ရှိပါတယ်။ အမျိုးသမီးတွေ သွားလာနေထိုင်ပုံတွေကို ကန့်သတ်ထားသလို လက်မထပ်ရသေးတဲ့ စုံတွဲတွေအနေနဲ့လည်း အတူနေထိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ ဆော်ဒီအစိုးရအနေနဲ့ ခရီးသွားလုပ်ငန်း တိုးတက်စေချင်တဲ့အတွက် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကပဲ ဆော်ဒီအစိုးရက နိုင်ငံပေါင်း ၄၉ နိုင်ငံကနေ လာရောက် လည်ပတ်ကြမယ့် နိုင်ငံတကာ ခရီးသွားတွေကို လာရောက် လည်ပတ်ခွင့် ပြုခဲ့ပါတယ်။

ဆော်ဒီအစိုးရအနေနဲ့ အခုလို နိုင်ငံတကာ ခရီးသွားတွေ ဆော်ဒီနိုင်ငံကို လာရောက် လည်ပတ်ခွင့်ပြုခဲ့တာ အခုအကြိမ်က ပထမဆုံးအကြိမ်ပါ။ ဒါကြောင့်လည်း နိုင်ငံတကာကနေ ရောက်လာကြမယ့် ခရီးသွားတွေအတွက် ဆော်ဒီအစိုးရက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အခုဆိုရင်တော့ လက်မထပ်ရသေးတဲ့ စုံတွဲတွေလည်း ဆော်ဒီနိုင်ငံက ဟိုတယ်ခန်းတွေမှာ အတူတည်းခိုနေထိုင်ဖို့ ဆော်ဒီအစိုးရက ခွင့်ပြုခဲ့ပါတယ်။ ဒီခွင့်ပြုချက်ကလည်း ဆော်ဒီနိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် ခွင့်ပြုပေးခဲ့တဲ့ ခွင့်ပြုချက်ပါ။ လွန်ခဲ့တဲ့ ကာလတွေအထိ ဆော်ဒီနိုင်ငံမှာ လက်မထပ်ရသေးဘဲ အတူနေထိုင်ခွင့် မရှိခဲ့ပါဘူး။

ဆော်ဒီအစိုးရမှာ ခရီးသွားလုပ်ငန်း တိုးတက်လာစေချင်တဲ့ ဆန္ဒ ရှိလို့သာ အစဉ်အလာ ကန့်သတ်ချက်တွေကို ဖယ်ရှားခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ လက်မထပ်ဘဲ အတူ တည်းခို နေထိုင်ခွင့်ရှိပေမယ့် ဆော်ဒီနိုင်ငံသားတွေကတော့ ဒီအခွင့်အရေးကို ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆော်ဒီအမျိုးသမီးတွေကတော့ ဟိုတယ်မှာ တယောက်တည်း တည်းခို နေထိုင်ခွင့်ကို ရရှိခဲ့ကြပါတယ်။

Ref: edition.cnn, breakingtravelnews

You may also like these stories:

လူမျိုးဘာသာမရွေး လာရောက် လည်ပတ်ခွင့် ပြုလိုက်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ

ဆော်ဒီရေနံတွင်း တိုက်ခိုက်ခံရမှုကြောင့် ရေနံဈေး ၁၅ ရာခိုင်နှုန်း ခုန်တက်

ခရီးသွားလုပ်ငန်းကို ပိုပြီး အာရုံစိုက်လာတဲ့ ဆော်ဒီအာရေဗျနိုင်ငံ

အမျိုးသား အုပ်ထိန်းသူ မပါဘဲ ခရီးထွက်ခွင့် ရသွားတဲ့ ဆော်ဒီ အမျိုးသမီးများ

Loading