၂၁ ရာစု ရောက်လာတာနဲ့အမျှ အရှေ့တောင်အာရှ နိုင်ငံသားတွေလည်း ကမ္ဘာအနှံ့ကို ခရီးသွားလာမှု ပိုမိုများပြားလာခဲ့ပါတယ်။ အဓိက သွားရောက် လည်ပတ်ကြတာကတော့ ဥရောပနိုင်ငံတွေ ဖြစ်တဲ့ ပြင်သစ်၊ အီတလီနဲ့ ဂျာမနီနိုင်ငံတွေကိုပါ။
ဥရောပနိုင်ငံ အများစုဟာ လှပပြီး သဘာဝရှုခင်းတွေနဲ့ ပြည့်နှက်နေတဲ့ အတွက် အရှေ့တောင်အာရှ ခရီးသွားတွေကြားမှာ ပိုပြီး ရေပန်းစားလာခဲ့ပါတယ်။ ကွဲပြားခြားနားတဲ့ ဇီဝမျိုးစိတ် အများစုကိုလည်း ဥရောပနိုင်ငံတွေက ထိန်းသိမ်းထားနိုင်ပါတယ်။
ဥရောပ ခရီးသွားကော်မရှင်ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ အရှေ့တောင်အာရှ ခရီးသွားဈေးကွက်ဟာ ဥရောပနိုင်ငံမှာ ပိုပြီးကြီးမားလာနေတယ်လို့ သိရပါတယ်။ ဥရောပ ခရီးသွားကော်မရှင်အဖွဲ့ဟာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ရင် စေ့စေ့စပ်စပ် လေ့လာတဲ့ ကော်မရှင်ပါ။ အစီရင်ခံစာအရ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူ နိုင်ငံတွေက ခရီးသွားတွေဟာ ဥရောပနိုင်ငံတွေကို အများဆုံး လာရောက် လည်ပတ်ကြတယ်လို့ ဖော်ပြထားပါတယ်။
ဥရောပနိုင်ငံကို ပထမဆုံးအကြိမ် ခရီးထွက်ကြတဲ့ အရှေ့တောင်အာရှ ခရီးသွားတွေ ဦးစားပေး လည်ပတ်ကြတဲ့ နိုင်ငံတွေကတော့ ပြင်သစ်၊ အီတလီနဲ့ ဂျာမနီနိုင်ငံတွေ ဖြစ်ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဥရောပနိုင်ငံတွေကို အရှေ့တောင်အာရှ ခရီးသွားတွေ သဘောကျရတာက သဘာဝပတ်ဝန်းကျင်၊ လူနေထိုင်မှုစနစ် စတာတွေ ကောင်းမွန်တဲ့အတွက်ကြောင့် ဖြစ်သလို ယဉ်ကျေးမှု၊ သမိုင်း၊ အနုပညာ လှုပ်ရှားမှုနဲ့ ဗိသုကာ လက်ရာတွေကြောင့်လည်း ပါဝင်ပါတယ်။ ဖော်ပြခဲ့တဲ့အချက်တွေဟာ ဥရောပ နိုင်ငံတွေဆီကို ခရီးသွားမယ့် အရှေ့တောင်အာရှ ခရီးသွားတွေ ဦးစားပေးစဉ်းစားကြတဲ့ အချက်တွေပါ။
အခုနောက်ပိုင်း ကာလတွေမှာတော့ ဥရောပနိုင်ငံတွေဆီကို အပေါင်းအဖော်၊ မိသားစုနဲ့တင်မက တယောက်တည်း ခရီးသွားသူ အရေအတွက်ပါ တိုးလာနေပါတယ်။ အဓိကကတော့ အမှီအခိုကင်းပြီး ကိုယ့်ဝင်ငွေနဲ့ ရပ်တည်နိုင်တဲ့ အမျိုးသမီး အရေအတွက်က ပိုများလာပါတယ်။ အစုအဖွဲ့နဲ့ ခရီးသွားတာတွေကလည်း ခရီးသွားဈေးကွက်မှာ ကြီးကြီးမားမား နေရာယူထားတုန်းပါပဲ။
အသက်အရွယ်အားဖြင့် ဆိုရင်လည်း ပျမ်းမျှ ၂၁ နှစ်နဲ့ ၅၄ နှစ် အရွယ်ကြားတွေက များပြီး ၂ ရက် သို့မဟုတ် ၃ ရက် လည်ပတ်လေ့ ရှိပါတယ်။ ဥရောပကို ခရီးထွက်ဖူးကြတဲ့ အရှေ့တောင်အာရှ နိုင်ငံသားတွေအနေနဲ့ နောက်တကြိမ် ပြန်လာဖို့ ကြိုးစားလေ့ ရှိကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref: traveldailynews
You may also like these stories:
၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံသားတွေ ခရီးအများဆုံး သွားလေ့ရှိတဲ့ နိုင်ငံများ
ရောမမြို့ရှိ ယူနက်စကို အသိအမှတ်ပြု နေရာတွေမှာ ညစ်ပတ်အောင် လုပ်ရင် ဒဏ်တပ်မည်