မကြာခင် ဝါလကင်းလွတ်လို့ သီတင်းကျွတ်အချိန်ကို ရောက်ပါတော့မယ်။ သီတင်းကျွတ် ရောက်ပြီ ဆိုတာနဲ့ သူသူငါငါအိမ်တွေကလည်း အလှမီးပုံးလေးတွေ တပ်ဆင်ထားကြပါတော့မယ်။ သီတင်း ကျွတ်ပွဲတော်ဟာ ဘာသာရေးနဲ့ ဆက်စပ်နေတဲ့ပွဲတော်တခုပါပဲ။
ရပ်ဝေးရောက်နေကြတဲ့ လူတွေလည်း ကိုယ့်အိုး ကိုယ်အိမ်ရှိရာအရပ်ဆီ သီတင်းကျွတ် ရုံးပိတ်ရက်လိုအချိန်မျိုးမှာ ပြန် လေ့ရှိကြပါတယ်။ တချို့တွေကတော့လည်း သီတင်းကျွတ်ရုံးပိတ်ရက် အချိန်မျိုးတွေမှာ မိသားစုနဲ့ ပျော်ပျော်ပါးပါး ခရီးထွက်လေ့ရှိကြပါတယ်။
ဒါကြောင့်လည်း သီတင်းကျွတ်ရုံးပိတ်ရက်မှာ လူအများစု သွားရောက်လည်ပတ်လေ့ရှိကြတဲ့နေရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ပုဂံ
သီတင်းကျွတ်ရုံးပိတ်ရက်လို အချိန်မျိုးတွေမှာ လူအများစု သွားရောက် လည်ပတ်ကြတဲ့နေရာကတော့ ပုဂံပါပဲ။ ပုဂံဟာ ရှေးမြန်မာတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ထုတ်ဖော်ပြသနေတဲ့ နေရာလည်းဖြစ်ပါတယ်။ လူတွေကတော့ ပုဂံကို မြန်မာ့အမျိုးသားရေး လက္ခဏာတရပ်အနေနဲ့ ဖော်ထုတ် ပြောဆိုလေ့ရှိကြပါတယ်။
များပြားလှတဲ့ ရှေးဟောင်းလက်ရာ စေတီပုထိုးတော်တွေကြောင့်လည်း ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာ ဒေသအဖြစ်နဲ့သာမက ကမ္ဘာမှာ ထင်ရှားကျော်ကြားတဲ့ နေရာတနေရာပါပဲ။ ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်နေ့မှာတော့ ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)က ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတခုလုံးကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ပုဂံဒေသတခုလုံးကို ခရီးသွားအများအပြား လာရောက်လည်ပတ်လေ့ရှိပါတယ်။
(၂) တောင်ကြီးမြို့
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်က မြန်မာနိုင်ငံမှာ ထင်ရှားပါတယ်။ ဒါကြောင့်လည်း တန်ဆောင် တိုင်ပွဲတော်ဟာ တောင်ကြီးမြို့ရဲ့ အမှတ်အသားတခုဆိုရင်လည်း မမှားပါဘူး။ တကယ်တော့ တောင်ကြီးမြို့ဟာ တန်ဆောင်တိုင် အချိန်ရောက်မှသာ စည်ကားတဲ့မြို့တမြို့ မဟုတ်ပါဘူး။ သီတင်း ကျွတ်အချိန်မှာလည်း စည်ကားတဲ့မြို့တမြို့ပါ။
သီတင်းကျွတ်အချိန် တောင်ကြီးမြို့ရဲ့ ညလမ်းမတွေ ကိုထွက်ကြည့်ရင် ရှမ်းအိုးစည်တီးပြီး မြို့လုံးအနှံ့ လည်ပတ် နေကြတဲ့ လူငယ် ၊ လူကြီးအစုအဖွဲ့ အသီးသီးကိုတွေ့ရပါလိမ့်မယ်။ ရှမ်းရိုးရာ အကအလှနဲ့ဖျော်ဖြေပွဲတွေကိုလည်း ခံစားနိုင်ပါသေးတယ်။ လမ်းပန်းဆက်သွယ်ရေးတွေကလည်း ကောင်းမွန်နေပြီဖြစ်တဲ့အတွက် သီတင်းကျွတ် အားလပ်ရက်မှာ လည်ပတ်ချင်သူတွေအနေနဲ့ တောင်ကြီးမြို့ကိုလည်း သွားရောက်လည်ပတ်သင့်ပါ တယ်။
(၃) ပြင်ဦးလွင်မြို့
ပန်းမြို့တော်လို့ကျော်ကြားတဲ့ ပြင်ဦးလွင်မြို့ကလည်း သီတင်းကျွတ်အချိန်မှာ သွားရောက်လည်ပတ် သင့်တဲ့ မြို့တမြို့ပါပဲ။ ရာသီဥတုကလည်း အေးစပြုလာပြီဖြစ်တဲ့အတွက် လည်ပတ်လို့ကောင်းတဲ့အ ချိန်ပါ။ ပြင်ဦးလွင်ရောက်ရင်တော့ လည်ပတ်စရာနေရာတွေကအများကြီးပါပဲ။
အမျိုးသားကန်တော် ကြီးဥယျာဉ် ၊ တိုင်းရင်းသားကျေးရွာ ၊ ပြည်ချစ်ဘုရား စသဖြင့် လည်ပတ်စရာတွေက အများကြီးပါ။ ဒါကြောင့် သီတင်းကျွတ်ရုံးပိတ်ရက်မှာ မိသားစုနဲ့လည်ပတ်ချင်တွေအနေနဲ့ ပြင်ဦးလွင်မြို့ကိုလည်း သွားရောက်လည်ပတ်သင့်ပါတယ်။
Ref:mm.wikipedia
You may also like these stories:
Huawei မှ ထူးထူးခြားခြား ကျင်းပခဲ့တဲ့ “သီတင်းကျွတ် မီးမျှောပွဲ”
သီတင်းကျွတ်ကာလ ရန်ကုန်မြို့မှာ လည်ပတ်စရာ ပွဲများ