၂၀၁၉ ခုနှစ်အတွင်း အရှေ့တောင်အာရှ နိုင်ငံတွေမှာ ခရီးသွားလုပ်ငန်းတွေ ပိုမိုအောင်မြင်လာပါတယ်။ အထူးသဖြင့်ကတော့ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံပါ။ ဒီနိုင်ငံတွေဟာ ခရီးသွားလုပ်ငန်းတွေကနေ ဝင်ငွေများစွာရရှိအောင် လုပ်ဆောင်နေကြပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေထဲမှာ တရုတ်ခရီးသွား အများစု ပါဝင်ပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနေတဲ့ ထိုင်း၊ ဗီယက်နမ်နိုင်ငံတွေဟာ တရုတ် ခရီးသွားတွေနဲ့အတူပါလာတဲ့ ဇီးရိုးဘတ်ဂျက် ဒဏ်ကို လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ခံစားခဲ့ရပါတယ်။
ဒါကြောင့်လည်း ထိုင်းနိုင်ငံဟာ ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းတွေကို ၂၀၁၆ ခုနှစ်လောက်ကတည်းက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ ဇီးရိုးဘတ်ဂျက်ကြောင့် နှစ်စဉ် ဝင်ငွေဒေါ်လာ ၂ ဘီလီယံ ဆုံးရှုံးခဲ့ရပါတယ်။
၂၀၁၆ ခုနှစ်အတွင်း ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြတဲ့ ခရီးသွားကုမ္ပဏီ ၃ ခုကို ပိတ်သိမ်းခဲ့ပြီး သယ်ယူ ပို့ဆောင်ရေးယာဉ် ၂,၁၅၅ စီးကို သိမ်းဆည်းခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းတရားရုံးက ဇီးရိုးဘတ်ဂျက် လုပ်ငန်းမှာ ပါဝင် ပတ်သက်နေတဲ့ လူ ၇ ဦးနဲ့ ကုမ္ပဏီ ၆ ခုကို တရားစွဲခဲ့ပါသေးတယ်။
ထိုင်းနိုင်ငံနည်းတူ ဗီယက်နမ်နိုင်ငံကလည်း ဇီးရိုးဘတ်ဂျက် ခရီးစဉ်တွေကို လွန်ခဲ့တဲ့နှစ်တွေကတည်းက ကိုင်တွယ်ဖြေရှင်းခဲ့ရပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ထိုင်းနိုင်ငံထက် နောက်ကျပြီးမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးခဲ့တာပါ။ ဒါကြောင့်လည်း ဗီယက်နမ်အစိုးရက နိုင်ငံတကာမှ လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေကို ဝန်ဆောင်မှုပေးတာ ညံ့ဖျင်းမှာနဲ့ တိုင်းပြည်ပုံရိပ် ကျဆင်းမှာကို စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ မတ်လမှာ ဗီယက်နမ် ဝန်ကြီးချုပ်က ဒေသခံအာဏာပိုင်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ဝန်ဆောင်မှု အရည်အသွေး ညံ့ဖျင်းတဲ့ စတိုးဆိုင်တွေနဲ့ ဇီးရိုးဒေါ်လာ အရောင်းဆိုင်တွေကို ပိတ်ခိုင်းခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံသားတွေ ဝယ်ယူထားပြီး ဗီယက်နမ်နိုင်ငံသားတွေကို ဝင်ခွင့် မပြုတဲ့နေရာတွေကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။
ဗီယက်နမ် အာဏာပိုင်တွေဟာ ဇီးရိုးဘတ်ဂျက် ခရီးစဉ်နဲ့ ဆက်စပ်နေတဲ့ ပစ္စည်းလိမ်လည် ရောင်းချတာတွေ၊ အခွန်ရှောင်တာတွေကိုလည်း နှိမ်နင်းခဲ့ရပါသေးတယ်။
နောက်ပိုင်းကာလတွေမှာတော့ တရုတ်ခရီးသွားအများစုဟာ ဇီးရိုးဘတ်ဂျက် ခရီးသွားကုမ္ပဏီတွေနဲ့ ခရီးသွားတာမျိုး မလုပ်ကြတော့ဘဲ ကိုယ်တိုင် လေယာဉ်လက်မှတ် ဝယ်ယူပြီး ထိုင်း၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေကို ခရီးထွက်လာခဲ့ကြတယ်လို့ တရုတ်ခရီးသွားလုပ်ငန်း အကယ်ဒမီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ခရီးသွားသူ အနည်းအကျဉ်းကတော့ ရှိနေတုန်းပါပဲ။
ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်သမျှတွေကို ဗီယက်နမ်အစိုးရက တတ်နိုင်သလောက် ဖြေရှင်းပြီးနောက်ပိုင်း ဗီယက်နမ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကလည်း တိုးတက်လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက ၁၀ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ခရီးစဉ်ပေါင်း ၁၂ သန်းကျော်အထိ ရှိခဲ့ပါတယ်။
အများစု လာရောက် လည်ပတ်ကြတာကတော့ တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယာနိုင်ငံတို့က ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ တရုတ်ခရီးသွားပေါင်း ၃,၉၇၇,၁၈၃ ယောက် ရှိခဲ့ပြီး တောင်ကိုရီးယားခရီးသွားပေါင်း ၃,၁၄၀,၆၉ ၃ ယောက် ရှိခဲ့ပါတယ်။ အများဆုံးကတော့ တရုတ်ခရီးသွားတွေပါပဲ။
စက်တင်ဘာလအထိ နိုင်ငံတကာ ခရီးသွားဧည့်သည်ပေါင်း ၁၂ ဒဿမ ၈ သန်း လာရောက် လည်ပတ်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံကို လာရောက် လည်ပတ်တဲ့ ခရီးသွားပေါင်း ၁၈ သန်းအထိ ရှိလာနိုင်မယ်လို့ ဗီယက်နမ် အစိုးရက ခန့်မှန်ထားပါတယ်။
အခုလို ဗီယက်နမ် ခရီးသွားလုပ်ငန်း အောင်မြင်လာတာ အကြောင်း ၂ ချက် ရှိပါတယ်။ ပထမတချက်က ဝန်ဆောင်မှု အရည်အသွေး ညံ့ဖျင်းတာကို လက်မခံတာဖြစ်ပြီး ဒုတိယတချက်ကတော့ ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ အရောင်းဆိုင်တွေကို ပိတ်ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ မထိန်းချုပ်နိုင်သေးပေမယ့် အတိုင်းအတာတခု အထိတော့ ထိန်းချုပ်ထားနိုင်တာ အမှန်ပါပဲ။ ။
Ref: theaseanpost, ttrweekly
You may also like these stories:
ဈေးသက်သက်သာသာနဲ့ ဗီယက်နမ်နိုင်ငံ သွားလည်ကြမယ်
မြန်မာတွေ အတုယူသင့်တဲ့ ဗီယက်နမ်နိုင်ငံက Farm Tourism