နိုဝင်ဘာလဟာ ဆောင်းတွင်းကာလလို့ ဆိုပေမယ့် မြန်မာနိုင်ငံက ဒေသအများစုမှာ အပူချိန်တွေ ပိုမိုမြှင့်တက်လာပါတယ်။ ဒါကြောင့်လည်း အပူရှောင်ချင်တဲ့ လူတွေအနေနဲ့ အအေးပိုင်းဒေသကို သွားရောက်လည်ပတ်လေ့ရှိကြပါတယ်။ တချို့တွေကတော့ မြန်မာနိုင်ငံအတွင်း သွားရောက် လည်ပတ်တာတွေ ရှိသလို တချို့တွေကတော့လည်း နိုင်ငံရပ်ခြားကို ခရီးထွက်လေ့ ရှိကြပါတယ်။
နိုင်ငံရပ်ခြားကို အပူရှောင်တဲ့အနေနဲ့ ခရီးထွက်လိုသူတွေအတွက် အာရှနိုင်ငံတွေအတွင်းက ဒေသတချို့ကို ဖော်ပြပေးချင်ပါတယ်။
၁။ Jaipur (အိန္ဒိယနိုင်ငံ)
အိန္ဒိယနိုင်ငံမှာတော့ Jaipur မြို့တော်ကို Pink City လို့ ခေါ်လေ့ရှိကြပါတယ်။ နိုဝင်ဘာလအတွင်း အာရှဒေသတွေကို အပူရှောင်ခရီးသွားလိုသူတွေ အဖို့တော့ Jaipur မြို့တော်ကလည်း သင့်တော်တဲ့ မြို့တမြို့ပါ။ တနေ့တာ ရာသီဥတု အခြေအနေကို ပြောရမယ်ဆိုရင် နေ့ခင်းဘက်တွေမှာ နွေးထွေးတဲ့ ရာသီဥတု အခြေအနေရှိနေပြီး ညခင်းဘက်တွေဆိုရင်တော့ အေးမြတဲ့ ရာသီဥတု အခြေအနေ ရှိပါတယ်။
နိုင်ငံတကာ ခရီးသွားဧည့်သည်တွေကို ပိုမိုဆွဲဆောင်တဲ့ အချက်ကတော့ ညခင်းဘက်တွေမှာ မီးပုံပွဲတွေ ရှိနေတာပါ။ အဲဒီ မီးပုံပွဲတွေမှာ ဆိုရင် ရိုးရာဂီတတွေကို ခံစားနိုင်ပါသေးတယ်။ Jaipur လေဆိပ်ဟာဆိုရင်လည်း အိန္ဒိယနိုင်ငံရဲ့ တခြားမြို့တော်တွေနဲ့ အဆင်ပြေပြေ ချိတ်ဆက်ထားပါတယ်။
လေယာဉ်နဲ့ ခရီးမသွားချင်သူတွေအတွက် Jaipur မီးရထားတွေက ဈေးသက်သာသလို ပြည်နယ်အတွင်းက တခြားမြို့တွေကိုလည်း အလွယ်တကူ သွားရောက် လည်ပတ်နိုင်ပါတယ်။ Jaipur မြို့ကိုရောက်ရင် လုပ်စရာတွေကတော့ ရိုးရာယဉ်ကျေးမှုပွဲတော်နဲ့ ဂီတပွဲတော်တွေကို သွားရောက် လည်ပတ်နိုင်ပါတယ်။
၂။ Siem Reap (ကမ္ဘောဒီးယားနိုင်ငံ)
နိုဝင်ဘာလအတွင်း အပူရှောင်ခရီး ထွက်ချင်သူတွေအဖို့ နောက်ထပ် တနေရာကတော့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံပါ။ နိုဝင်ဘာလမှာဆိုရင်တော့ Siem Reap ရဲ့ ရာသီဥတုက သာသာယာယာပါပဲ။ နောက်ထပ် လည်ပတ်သင့်တဲ့ အကြောင်းတချက်ကတော့ နိုဝင်ဘာလမှာ Siem Reap ကိုလာရောက် လည်ပတ်တဲ့လူ နည်းပါးပါတယ်။ ဒါကြောင့်လည်း လူစုလူဝေး ခပ်များများကို တွေ့ရမှာ မဟုတ်ပါဘူး။
Siem Reap ဟာ သမိုင်းကြောင်းအရ ဆိုရင်လည်း နူးညံ့သိမ်မွေ့တဲ့ နေရာတခုပါ။ ဟိုတယ်ရဲ့ ဝန်ဆောင်မှုကလည်း ကောင်းမွန်လှပါတယ်။ ဒါကြောင့်လည်း နိုဝင်ဘာလအတွင်း အာရှဒေသကို အလည်အပတ်သွားချင်သူတွေအဖို့တော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ Siem Reap ကလည်း အဆင်ပြေတဲ့ နေရာတနေရာပါ။
၃။ Pokhara (နီပေါနိုင်ငံ)
နီပေါနိုင်ငံဟာ တောင်တက်ခရီး ဝါသနာပါသူတွေအတွက် အထူးအဆင်ပြေတဲ့ နိုင်ငံတနိုင်ငံပါ။ Pokhara မြို့ကတော့ နီပေါနိုင်ငံရဲ့ တောင်တက် ခရီးမြို့တော်ပါပဲ။ နိုဝင်ဘာလမှာဆိုရင်တော့ Pokhara မြို့ရဲ့ ရာသီဥတုကလည်း နွေးနွေးထွေးထွေး ရှိပါတယ်။ ဒါကြောင့် လည်ပတ်ဖို့ အကောင်းဆုံး အချိန်ပါ။ နောက်ထပ် အချက်ကတော့ Pokhara မြို့ဟာ ကမ္ဘာပေါ်မှာ ဈေးသက်သာတဲ့ မြို့တမြို့ပါ။ ဟိုတယ်ဈေးနှုန်းနဲ့ အစားအသောက်တွေကလည်း ဈေးအလွန်သင့်ပါတယ်။
၄။ တိုကျို (ဂျပန်နိုင်ငံ)
နိုဝင်ဘာလအတွင်း နောက်ထပ် ခရီးသွားလို့ ကောင်းတဲ့မြို့ကတော့ တိုကျိုမြို့ပါ။ နိုဝင်ဘာလအတွင်း တိုကျိုမြို့ရဲ့ အမြင့်ဆုံး ပျမ်းမျှအပူချိန်က ၁၇ ဒီဂရီစင်တီဂရိတ် ရှိပြီး အနိမ့်ဆုံး ပျမ်းမျှ အပူချိန်ကတော့ ၉ ဒီဂရီစင်တီဂရိတ်သာ ရှိပါတယ်။ ဒါပေမဲ့ တိုကျိုရဲ့ ပြဿနာတခုက ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးမြို့ ဖြစ်နေတာပါပဲ။ ဈေးကြီးပေမယ့်လည်း တိုကျိုရဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေရဲ့ ဝန်ဆောင်မှုတွေက အထူးကောင်းမွန်လှပါတယ်။
Ref: priceoftravel, traveltriangle
You may also like these stories:
လအလိုက် ခရီးထွက်သင့်တဲ့ မြန်မာနိုင်ငံက ဒေသများ
အဆမတန် များပြားလာတဲ့ ခရီးသွားတွေကြောင့် ဒေသခံတွေ စိတ်ဒုက္ခ ရောက်နေကြ
Dark Tourism (သို့မဟုတ်) ဝမ်းနည်းစရာကောင်းသော အရပ်ဒေသများသို့ ခရီးသွားခြင်း
တကိုယ်တော် ခရီးသွားတွေ သွားလည်သင့်တဲ့ အကောင်းဆုံး နိုင်ငံများ
၂၀၁၉ အတွက် လအလိုက် ခရီးသွားသင့်သော ကမ္ဘာ့ဒေသများ