တသက်မှာ တကြိမ်လောက် သွားရောက် လည်ပတ်သင့်တဲ့ အထူးခြားဆုံး ပြတိုက်များ
ပြတိုက်တွေဆိုတာ သဘာဝတရားကြီးထဲမှာ ရှိနေတဲ့ ထူးဆန်းအံ့သြဖွယ်ရာတွေနဲ့ သမိုင်းကြောင်းတွေကို စုစည်းပြသထားတဲ့ နေရာတခုပါ။ ပြတိုက်ပေါင်းများစွာ ရှိတဲ့အထဲကမှ တသက်မှာ တကြိမ်တခါလောက် သွားရောက် လည်ပတ်သင့်တဲ့ အထူးခြားဆုံး ပြတိုက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Museum Boerhaave
နယ်သာလန်မှာရှိတဲ့ ဒီပြတိုက်ကိုတော့ ဆေးပညာရပ်ကို စိတ်ပါဝင်စားသူတွေ သွားရောက် လေ့လာသင့်ပြီး ဒီပြတိုက်မှာဆိုရင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တခုချင်းစီကို ဆေးရည်စိမ် ပြသထားပါတယ်။
(၂) Museum of Broken Relationships
ခရိုအေးရှားနိုင်ငံမှာရှိတဲ့ ဒီပြတိုက်ဟာဆိုရင် အကြောင်းအမျိုးမျိုးကြောင့် လက်မထပ်ဖြစ်လိုက်သူတွေရဲ့ မင်္ဂလာပွဲဝတ်စုံတွေနဲ့ တခြားသော ပစ္စည်းတွေကို ပြသထားတာဖြစ်ပြီး ဒီပစ္စည်းတွေရဲ့နောက်ကွယ်က စိတ်ဝင်စားစရာ ရင်နာဖွယ် အကြောင်းရင်းတွေကို သိရှိရမှာ ဖြစ်ပါတယ်။
(၃) Barney Smith’s Toilet Seat Art Museum
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာရှိတဲ့ ဒီပြတိုက်ကိုတော့ လက်မှုပညာရပ်ကို စိတ်ဝင်စားသူတွေ သွားရောက် လည်ပတ်သင့်ပြီး ဒီပြတိုက်မှာ ပြသထားတာတွေကတော့ အိမ်သာဘိုထိုင် ကမုတ်တွေပေါ်မှာ အလှဆင်ထားတဲ့ လက်မှုပညာရပ်တွေပဲ ဖြစ်ပါတယ်။
(၄) The Momofuku Ando Instant Ramen Museum
ဂျပန်နိုင်ငံမှာရှိတဲ့ ဒီပြတိုက်မှာဆိုရင်တော့ ခေါက်ဆွဲခြောက်ကို စတင်တီထွင် ထုတ်လုပ်ခဲ့ချိန်ကစလို့ လက်ရှိအချိန်ထိ ကမ္ဘာတဝှမ်းလုံးက ခေါက်ဆွဲခြောက် တံဆိပ် အမျိုးမျိုးနဲ့ ထုတ်လုပ်ပုံတွေကို ပြသထားတာ ဖြစ်ပါတယ်။
(၅) Cancun Underwater Museum
မက္ကဆီကိုမှာရှိတဲ့ ဒီရေအောက်ပြတိုက်ဟာဆိုရင် ၂၀၀၉ ခုနှစ်လောက်တည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရေအောက်ကြမ်းပြင်မှာရှိတဲ့ သဘာဝ အလှအပတွေအပြင် ခင်းကျင်းပြသထားတဲ့ ရှေးဟောင်းလက်မှုဆိုင်ရာ ရုပ်တုတွေကိုပါ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Ref. list25.com