အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လာရင် ထိုင်းနိုင်ငံဟာ အအောင်မြင်ဆုံးနိုင်ငံ တနိုင်ငံပါ။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်က ၂၉ သန်းကျော် ရှိခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းကနေ ရရှိတဲ့ ဝင်ငွေစုစုပေါင်းကလည်း ထိုင်းဘတ်ငွေ ၁ ဒဿမ ၄၂ ထရီလီယံ ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လည်း ထိုင်းနိုင်ငံကို လာရောက်တဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်က ၃ ဒဿမ ၅၁ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
ထိုင်းနိုင်ငံကို အများဆုံး လာရောက် လည်ပတ်ကြတာကတော့ တရုတ်နိုင်ငံသားတွေပါ။ ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ တရုတ်ခရီးသွား အရေအတွက်က ၈ ဒဿမ ၅ သန်း ရှိခဲ့ပါတယ်။ တချို့လတွေမှာ တရုတ်ခရီးသွား အရေအတွက် ကျဆင်းခဲ့ပေမယ့် ပျမ်းမျှခြင်းနဲ့ တွက်မယ်ဆိုရင် တရုတ်ခရီးသွား အရေအတွက်က ပိုမိုတိုးလာတာကို တွေ့ရပါတယ်။
၂၀၁၈ ခုနှစ်နဲ့ ယှဉ်ကြည့်မယ်ဆိုရင်လည်း တရုတ်ခရီးသွား အရေအတွက်က ၁ ဒဿမ ၇၁ ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေထဲမှာ ဒုတိယနေရာက ရှိနေတာကတော့ မလေးရှားနိုင်ငံသားတွေပါ။ ၂၀၁၉ခုနှစ် အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ မလေးရှားနိုင်ငံသားအရေအတွက်က ၂ ဒဿမ ၉ သန်း ရှိခဲ့ပါတယ်။
တရုတ်နဲ့ မလေးရှားပြီးရင် ထိုင်းနိုင်ငံကို လာရောက်သူတွေကတော့ အိန္ဒိယနိုင်ငံသားတွေပါပဲ။ ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ အိန္ဒိယခရီးသွား အရေအတွက်က ၁ ဒဿမ ၅ သန်းရှိခဲ့ပါတယ်။
တောင်ကိုရီးယား ခရီးသွား အရေအတွက်က ၁ ဒဿမ ၄ သန်းရှိပြီး လာအို ခရီးသွား အရေအတွက်က ၁ ဒဿမ ၃၈ သန်းရှိခဲ့ပါတယ်။ အခုဖော်ပြခဲ့တဲ့ နိုင်ငံ ၅ နိုင်ငံဟာ ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို အများဆုံး လာရောက် လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေ ဖြစ်ပါတယ်။
အာရှနိုင်ငံသားအများစုက ထိုင်းနိုင်ငံကို လာရောက် လည်ပတ်နေချိန်မှာ ဥရောပနိုင်ငံသား အရေအတွက်ကတော့ ကျဆင်းသွားခဲ့ပါတယ်။ ရုရှားနိုင်ငံက လာရောက် လည်ပတ်တဲ့ ခရီးသွားဧည့်သည် အရေအတွက်က ၂ ဒဿမ ၉၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ဂျာမနီနိုင်ငံသား အရေအတွက်ကလည်း ၃ ဒဿမ ၆၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
ဥရောပခရီးသွား အရေအတွက် ကျဆင်းခဲ့ပေမယ့် အမေရိကန် ခရီးသွားအရေအတွက်က ၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂ ဒဿမ ၂ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွားဧည့်သည်ပေါင်း သန်း ၄၀ လာရောက် လည်ပတ်မယ်လို့ မျှော်လင့်ထားပါတယ်။
Ref: 12go.asia, bangkokpost
You may also like these stories:
တနှစ်ထက် တနှစ် ပိုတိုးတက်လာတဲ့ ဂျပန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း
စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံမှာ တရုတ် ခရီးသွားအရေအတွက် ကျဆင်
၂၀၁၉ ခုနှစ်၊ ၃ လအတွင်း ခရီးသည်ပေါင်း ၈ သန်းကျော် ဝင်ရောက်ခဲ့တဲ့ ဂျပန်နိုင်ငံ
ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်း ပြဿနာကို ဖြေရှင်းနေရတဲ့ ဗီယက်နမ် ခရီးသွားလုပ်ငန်း