ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မာချူပီချူး (Machu Picchu) မြို့ဟောင်းဟာ ပီရူးနိုင်ငံတောင်ပိုင်းမှာ တည်ရှိပါတယ်။ ဒီရှေးဟောင်းမြို့တော်ကို အင်ကာလူမျိုးတွေက ၁၅ ရာစုလောက်မှာ ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၇၉၇၀ အမြင့်ရှိတဲ့ တောင်ပေါ်မှာ တည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီ မြို့ဟောင်းကြီးဟာ အင်ကာလူမျိုးစုတွေရဲ့ မြို့တော်ပါ။
Machu Picchu မြို့ဟောင်းဟာ ၁၉၈၃ ခုနှစ်မှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၀၇ ခုနှစ်မှာတော့ ကမ္ဘာတဝှမ်းက အင်တာနက်ကနေ မဲပေးရွေးချယ်မှုကြောင့် ကမ္ဘာ့အံ့ဖွယ် ၇ ပါး စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
ခရီးသွား Website တွေဖြစ်တဲ့ Tripadvisor, National Geographic, Lonely Planet အစရှိတဲ့ Website တွေကို စစ်တမ်းကောက်ယူ ကြည့်တဲ့အခါ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်မှု အရှိဆုံးနေရာတွေရဲ့ စာရင်းမှာ Machu Picchu ရှေးဟောင်းမြို့တော်က ထိပ်ဆုံးနေရမှာ ရှိနေပါတယ်။
နှစ်စဉ်လိုလို နိုင်ငံတကာက ခရီးသွားပေါင်းများစွာဟာ ဒီရှေးဟောင်းမြို့တော်ကို လာရောက် လည်ပတ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း ဒီဒေသဟာ Over Tourism ဒဏ်ကို ခံနေရတဲ့ နေရာတခု ဖြစ်လာခဲ့ပါတယ်။ ပီရူးနိုင်ငံတောင်ပိုင်းမှာ တည်ရှိတဲ့ ဒီမြို့တော်ကို လူတွေက “အင်ကာလူမျိုးတွေရဲ့ ပျောက်ဆုံးသွားသောမြို့တော်”လို့လည်း ခေါ်ဆိုလေ့ ရှိကြပါတယ်။
နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်တဲ့နေရာမှာ သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦတွေ၊ ရှေးဟောင်းဗိသုကာ လက်ရာတွေက ပထမနေရာမှာ ရှိနေပါတယ်။ ဒီလိုနေရာမျိုးကို ခရီးသွားအများအပြား လာရောက်လေ့ ရှိကြပါတယ်။
ခရီးသွားတွေကို ဆွဲဆောင်မှုအရှိဆုံး ၁၀ နေရာစာရင်းမှာ ကမ္ဘောဒီးယားနိုင်ငံက အန်ကောဝပ် ကျောင်းတော်နဲ့ ဗာတီကန် နန်းတော်လည်း ပါဝင်ပါတယ်။ ဒီအချက်တွေကိုကြည့်ရင် လူတွေဟာ ရှေးဟောင်းအဆောက်အဦ ရှိတဲ့နေရာတွေကို ပိုပြီး စိတ်ဝင်တစား ရှိတာကို တွေ့ရပါတယ်။
အိန္ဒိယရဲ့ တာချ့်မဟာကတော့ ထိပ်တန်း ၁၀ နေရာစာရင်းမှာ ပါဝင်တာကို မတွေ့ရပါဘူး။ တိုရွန်တိုမှာရှိတဲ့ နိုင်အာဂါရာ ရေတံခွန်ကတော့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ဘရာဇီးနိုင်ငံမှာရှိတဲ့ ခရစ်တော်ရုပ်တုက တတိယ၊ ဆန်ဖရန်စ္စကိုမှာရှိတဲ့ Golden Gate တံတားက စတုတ္ထ၊ ဇင်ဘာဘွေနိုင်ငံမှာရှိတဲ့ ဗစ်တိုးရီးယားရေတံခွန်က ပဉ္စမနေရာမှာ အသီးသီး ရှိနေကြပါတယ်။
သို့သော်လည်း အင်ကာလူမျိုးတွေရဲ့ Machu Picchu ရှေးဟောင်းမြို့တော်နဲ့ ဗာတီကန် နန်းတော်လိုနေရာမျိုးတွေဟာ အဆမတန် များပြားတဲ့ ခရီးသွားဧည့်သည်တွေကြောင့် Over Tourism ဒဏ်ကို ခံနေရပါတယ်။
Ref: traveldailynews, peru.travel
You may also like these stories:
ခရီးသွားလုပ်ငန်းမှာ ရေပန်းစားလာတဲ့ Food Tourism
ဒုတိယကမ္ဘာစစ်ပြီးနောက် ပိုမိုတိုးတက်လာတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်း
နိုင်ငံတကာ ခရီးသွားတွေကို အစားအသောက်ကောင်းတွေနဲ့ ဆွဲဆောင်ဖို့ ကြိုးစားနေတဲ့ သီရိလင်္ကာနိုင်ငံ