၂၀၁၉ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသားတွေ ပိုမိုခရီးထွက်လာကြပါတယ်။ အဓိက သွားရောက်လည်ပတ်ကြတာကတော့ ထိုင်းနိုင်ငံပါ။ ထိုင်းနိုင်ငံအစိုးရကလည်း ၂၀၁၉ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသား ၂ သန်းကျော် လာရောက် လည်ပတ်မယ်လို့ မျှော်လင့်ထားပါတယ်။
နောက်လာမယ့် နှစ်တွေအတွင်းမှာတော့ ထိုင်းခရီးသွားလုပ်ငန်းမှာ အိန္ဒိယနိုင်ငံသားတွေက ပိုမိုအရေးပါလာနိုင်ပါတယ်။ လာမယ့် ဆယ်စုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ အိန္ဒိယနိုင်ငံသားအရေအတွက်က ၁၄ သန်းထိ ရှိလာနိုင်ပါတယ်။
ထိုင်းမီဒီယာတခုဖြစ်တဲ့ TNN သတင်းဌာနရဲ့အပြောအရဆိုရင်တော့ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ တနေ့တာ ပျမ်းမျှသုံးငွေဟာ ၅,၈၀၀ ဘတ် ရှိတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ တနေ့ကို ပျမ်းမျှ ၆,၄၀၀ ဘတ် သုံးတဲ့အတွက် နောက်ပိုင်းဆိုရင် အိန္ဒိယနိုင်ငံသားတွေဟာ တရုတ်နိုင်ငံသားတွေနဲ့ တန်းတူ ထိုင်းငွေကြေးကို သုံးလာနိုင်ဖွယ် ရှိပါတယ်။
အိန္ဒိယနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို မိသားစုနဲ့အတူ လာရောက် လည်ပတ်လေ့ ရှိကြပါတယ်။ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်လေ့ရှိတဲ့ အိန္ဒိယနိုင်ငံသား ၆၇ ရာခိုင်နှုန်းဟာ မိသားစုနဲ့ လာရောက် လည်ပတ်ကြတဲ့ ခရီးသွား ဧည့်သည်တွေပါ။
မိသားစုနဲ့ လာရောက် လည်ပတ်တဲ့ ခရီးသွား ပမာဏကလည်း နှစ်စဉ်ဆိုသလို ၂၅ ရာခိုင်နှုန်း တိုးလာနေပါတယ်။ အများစုကတော့ ပန်းခြံ ၊ တိရစ္ဆာန်ရုံနဲ့ ကမ်းခြေတွေကို လည်ပတ်လေ့ ရှိကြပါတယ်။
TNN သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ လူဦးရေ ၁ ဒဿမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံသားတွေမှာ လူလတ်တန်းစား အရေအတွက် ပိုမိုများပြားလာတဲ့အတွက် နောက်ပိုင်းမှာ ထိုင်းနိုင်ငံကို ပိုမို လာရောက် လည်ပတ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့်လည်း လေကြောင်းလိုင်းတွေ အနေနဲ့ လေယာဉ်ခရီးစဉ်လမ်းကြောင်းသစ်တွေ ထပ်မံ တိုးချဲ့နိုင်စရာ ရှိပါတယ်။
နှစ်စဉ်နှစ်တိုင်းလည်း အိန္ဒိယနိုင်ငံသား ၂၅ သန်းကျော်လောက်က ပြည်ပထွက်နေကြပါတယ်။ တရုတ်နိုင်ငံနဲ့ နှိုင်းယှဉ်ရင် ကြီးမားတဲ့ ပမာဏ မဟုတ်သေးပေမယ့် နောက်ပိုင်းမှတော့ ခရီးသွားလုပ်ငန်းမှာ အိန္ဒိယနိုင်ငံသားတွေက အရေးပါလာနိုင်ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ အိန္ဒိယနိုင်ငံသား အရေအတွက်က ၁ ဒဿ ၆ သန်း ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံသား အရေအတွက်ကတော့ ၁၀ ဒဿမ ၅ သန်းရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ခရီးသွား ဈေးကွက်မှာ အိန္ဒိယနိုင်ငံသားတွေက ဆဋ္ဌမနေရာက ရှိနေပါတယ်။
ထိုင်းနိုင်ငံကို အဓိက လာရောက် လည်ပတ်ကြတာကတော့ တရုတ်၊ မလေးရှား၊ တောင်ကိုရီးယား၊ လာအို၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံသားတွေပါပဲ။
Ref: thethaiger, scmp
You may also like these stories:
ထိုင်းနိုင်ငံကို အများဆုံး လာရောက်လည်ပတ်ကြတဲ့ အာရှနိုင်ငံများ
နိုင်ငံတကာခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ ထိုင်းနိုင်ငံက နေရာများ
ထိုင်းနိုင်ငံကို လာရောက်တဲ့ တရုတ်ခရီးသွား ကျဆင်းပြီး အိန္ဒိယခရီးသွား ပိုတိုးလာ
ထိုင်းနိုင်ငံမှာ ဆင်တွေနဲ့အတူ အပန်းဖြေ အနားယူနိုင်တဲ့ “Dumbo” ဆင်အနားယူစခန်း