မိုးကုတ်မြို့ဆိုတာနဲ့ ကျမတို့ ငယ်ငယ်ကတည်းက ပြေးမြင်မိလိုက်တာက အင်မတန် အရည်အသွေး ကောင်းပြီး နီရဲတောက်ပနေတဲ့ ပတ္တမြားခဲတွေထွက်တဲ့ ဒေသလို့ပဲပေါ့။
စာတွေဖတ်ပြီး မိုးကုတ်မြို့ကို မရောက်ဖူးခင်က စိတ်ကူးထဲမှာထင်ခဲ့မိတာက မိုးကုတ်မှာ ကျောက်သံပတ္တမြားတွေဟာ မြေကြီးတူးတိုင်း ထွက်ပေါ်နေသလားလို့တောင် စိတ်ကူးယဉ်မိရတဲ့အထိပဲ။ စိတ်ကူးထဲက မိုးကုတ်မြို့က သိပ်ကြီးကျယ်ခမ်းနားခဲ့တယ်။
မိုးကုတ်က ကျောက်မျက်သူဌေးတွေ ဆိုရင်လည်း သိပ်ချမ်းသာတာပဲလို့ တွေးမိပြီး ကြီးလာရင်တော့ မိုးကုတ်ကို ရောက်အောင်သွားမယ်လို့ စိတ်ကူးမိခဲ့ဖူးတယ်။
မိုးကုတ်မြို့ကို ပထမဆုံးအကြိမ် ရောက်ဖူးတာကတော့ ၂၀၁၅ ခုနှစ်မှာပါ။ မိုးကုတ်မြို့လယ်က နာမည်ကျော် မုံအင်းကြီးပေါ်မှာ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ပိုင်ခွင့်ရထားတာကို ဒေသခံတွေက လက်မခံတဲ့အတွက် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့စဉ်က ရောက်ခဲ့တာပေါ့။ မိုးကုတ်မြို့လယ်က မုံအင်းဆိုတာက တောင်တွေပတ်လည်ဝိုင်းရံထားတဲ့ မြို့ရဲ့အလယ်မှာ ထူးခြားစွာတည်ရှိနေတဲ့ အင်းကြီးတခုပါပဲ။
ဒီအင်းကြီးဟာ မိုးကုတ်မြို့ရဲ့ ထင်ရှားတဲ့အမှတ်အသား တခုဖြစ်ပြီးတော့ မိုးကုတ်မြို့ ပိုစတာတွေကို တွေ့လိုက်ရင် ပတ္တမြားစေတီနဲ့မုံအင်းဟာ မြို့ရဲ့အထိမ်းအမှတ် ကျက်သရေဆောင် နေရာတွေပေါ့။ တကယ်တမ်း မိုးကုတ်မြို့ဟာ တောင်တွေ ပတ်လည်ကြားက ဒယ်အိုးသဏ္ဍာန် မြို့လေးပါပဲ။
ရှမ်းတောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့ ဒီမြို့ဟာ အရင်ကဆို အလွယ်တကူရောက်ဖို့ ခဲယဉ်းခဲ့ပါတယ်။
မိုးကုတ်မြို့ကို ရောက်ဖို့အတွက် လမ်းနှစ်လမ်းကနေ သွားနိုင်ပါတယ်။ ပထမလမ်းက မန္တလေးမြို့ကနေမတ္တရာမြို့ လမ်းခွဲကနေတက်ရတဲ့ မူလလမ်းကြောင်းပါ။ တောင်ဆင်းတောင်ကွေ့တွေပေါများ လှပြီး အကွေ့ပေါင်း ၉၉၉ ကွေ့ရှိတယ်လို့နာမည်ကြီးပါတယ်။
နောက်တစ်လမ်းကတော့ ပြင်ဦးလွင်ဘက်ကနေတက်တဲ့ လမ်းပါ။ လမ်းပိုင်းတိုပြီး သာယာပေမယ့် နယ်မြေလုံခြုံရေးကြောင့် အများစုကတော့ မူလလမ်းဟောင်းကိုပဲ အသွားအလာများပါတယ်။
ပထမတခေါက် မိုးကုတ်ရောက်စဉ်က ၁၀ ရက်ခန့်နေထိုင်လည်ပတ်ခဲ့တာကြောင့် မိုးကုတ်က နေရာတော်တော်များများကို ရောက်ဖူးပြီး ဖြစ်တဲ့အတွက် ဒီတခေါက်တော့ မိုးကုတ်ရဲ့ သီတင်းကျွတ် ပွဲတော်ကိုပဲ အေးအေးဆေးဆေး လည်ပတ်ချင်တာကြောင့် နေရာ အများကြီးတော့ မရောက်ဖြစ်တော့ပါဘူး။
မိုးကုတ်ဟာ တောင်တွေပတ်လည်ကြားမှာ ရှိနေတာမို့လို့ တောင်တန်းတွေတိုင်းမှာ ဘုရားစေတီတွေဟာ လက်ညှိုးထိုး မလွဲလှပါဘူး။ ဘာသာတရား ကိုင်းရှိုင်းတဲ့ဒေသဖြစ်တာမို့လို့ မိုးကုတ်မှာနေကြတဲ့ မြန်မာ၊ လီဆူ၊ ရှမ်း၊ ကချင်၊ ပလောင်၊ ဂေါ်ရခါး၊ တရုတ်စတဲ့ လူမျိုးပေါင်းစုံဟာ ဘာသာပေါင်းစုံကို လေးလေးနက်နက်ထား ကိုးကွယ်တာကို မြင်နိုင်ပါတယ်။
ဗုဒ္ဒဘာသာဝင်များတဲ့ အတွက်ကြောင့်တော့ စေတီဘုရားတွေကတော့ ပိုမိုများပြားလှပါတယ်။ မိုးကုတ်က အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ခွဲခြားတည်ရှိတာဖြစ်လို့ အနောက်ပိုင်းလို့ခေါ်တဲ့ ကျပ်ပြင်ရပ်မှာလည်း လည်ပတ်စရာတွေပေါ၊သလို အရှေ့ပိုင်း ရပ်မှာလည်း ကြည့်လေရာ စေတီပုထိုးတွေချည်းပါပဲ။
မိုးကုတ်မြို့ကို ဝင်ဝင်လာခြင်း အနောက်ပိုင်းကျပ်ပြင်ရပ်ကို အရင်ဖြတ်သန်းရပါတယ်။ ဒီအနောက်ပိုင်းအရပ်ကတော့ မြင့်မားတဲ့ တောင်ကုန်းတောင်တန်းတွေပို များပြီး ရာသီဥတုကလည်း ပိုပြီးအေးစိမ့်အောင်ချမ်းလှပါတယ်။ ဒေါ်နန်းကြည့်တောင်၊ ကျောက်ပြာသာဒ်၊ ပင့်ကူတောင်၊ မိုးကုတ်ဆရာတော်ကြီး တရားကျင့်ရာဂူစသဖြင့် တောင်ပေါ်တွေမှာ တည်ထားတဲ့ စေတီတွေကို တက်ရောက်ဖူးနိုင်တဲ့အပြင် တောင်တက်ရတာ ဝါသနာပါသူတွေအတွက် တောင်တက်နိုင်တဲ့ နေရာတွေအများကြီးရှိပါတယ်။
သီတင်းကျွတ်ကာလမှာ ကျပ်ပြင်ရဲ့ သီတင်းကျွတ်ပွဲတော်ကတော့ တော်တော်လေးကိုစည်ကား လှတယ်လို့ဆိုရမှာပါ။ မုန့်ဈေးတန်းရှည်ကြီးနဲ့၊ မီးရောင်စုံထိန်ထိန်လင်းနေတဲ့ ကျပ်ပြင်ရဲ့ လမ်းမကျယ်ကြီးတွေပေါ်မှာ ပွဲတော်ကို လာရောက်လည်ပတ်သူတွေအတွက် စိတ်ပျော်ရွှင်နိုင်စေမဲ့ ကစားနည်းမျိုးစုံတွေ၊ ချောမောလှပတဲ့ မိုးကုတ်သူတွေကိုလည်း မြင်ရပါတယ်။
ကျပ်ပြင်ကနေ ၁၅ မိနစ်ကျော်လောက် တောင်ကြားထဲကနေ ကားမောင်းလိုက်ရင် မိုးကုတ်မြို့ အပိုင်း မြို့လယ်ကိုရောက်ပြီပေါ့။ အိမ်ကြီးအိမ်ကောင်းတွေပေါများလှတဲ့ မိုးကုတ်မြို့ထဲကို ရောက်တာနဲ့ လူတွေရဲ့ မျက်နှာတွေကို ကြည့်လိုက်ရင် ဒေါသမောဟလောဘနဲ့ ပူလောင်နေတဲ့ မျက်နှာတွေအစား ကြည်လင်အေးချမ်းတဲ့ မျက်နှာတွေကို မြင်ရတာကို မြို့လေးရဲ့ ကျက်သရေတခုလို့ပဲပြောရမလား မသိပါ။
အောက်တိုဘာလသာရှိသေးပေမဲ့ မိုးကုတ်မြို့ရဲ့ ရာသီဥတုက ညဦးပိုင်းမှာတင် ၂၀ ဒီဂရီစင်တီဂရိတ်အောက်ကိုရောက်နေပါပြီ။ ချမ်းအေးလှတဲ့ မိုးကုတ်ဆောင်းဦးမှာ သီတင်းကျွတ်ပွဲတော်ကျင်းပတော့ မိုးကုတ်မြို့ ညအလှက မြင်ဖူးသမျှ မီးရောင်စုံတွေထဲမှာ အလှဆုံးလို့တောင်ထင်မိပါတယ်။
ပတ္တမြားစေတီရှိတဲ့ တောင်ပေါ်တလျှောက် တောက်ပလှတဲ့ မီးရောင်စုံက အောက်မှာရှိတဲ့ မုံအင်းထဲကို အရိပ်ရောင်ပြန်ဟပ်ပြီး လှလိုက်တဲ့ သီတင်းကျွတ်ညတွေဟာ အောက်သူကျမအဖို့ မျက်တောင်မခတ်ဘဲကို ငေးမောစရာပါပဲ။
၂၀၁၅ ခုနှစ်ရောက်တုန်းက မုံအင်းဟာ အင်းကြီး တခုသာဖြစ်ပြီး ရေပတ်လည်အပြည့်နဲ့ နေရာပေါ့။ ခုတော့ အင်းပတ်လည်ကို ကန်ဘောင်မြှင့်လိုက်ပြီး ဘောင်ပတ်လည်မှာ မီးတိုင်လေးတွေ၊ ထိုင်ခုံလေးတွေအပြင် သစ်ပင်တွေလည်း စိုက်ပျိုးထားတော့ ညဘက်အေးအေးလူလူ လမ်းလျှောက်ချင်သူတွေအတွက် အတော် သာယာလှပတဲ့နေရာ ဖြစ်လာပါတယ်။
ရာသီဥတုက အေးစိမ့်နေပြီး မီးရောင်စုံနဲ့ လှပတဲ့ မြို့လယ်ခေါင်မှာ မိုးကုတ်ညဈေးတန်းကလည်း ရှိနေတာမို့လ နာမည်ကြီး မိုးကုတ်စာတွေဖြစ်တဲ့ မှိုပေါင်း၊ မုန်ညင်းပေါင်း၊ မြီးရှည်၊ ခေါက်ဆွဲမျိုးစုံ၊ ခေါပုတ်ကင်၊ ခေါပုတ်ကြော်တွေကိုလည်း စားနိုင်ပါတယ်။
မိုးကုတ်မြို့ထဲမှာ လည်ပတ်စရာတွေဆိုရင် ဘုရားစေတီတွေအပြင် မိုးကုတ် ကျောက်မျက်ရတနာတွေ ရောင်းဝယ်တဲ့ နာမည်ကျော် ထာပွဲလည်းရှိပါတယ်။ မုံအင်းဘေးမှာရှိတဲ့ ထာပွဲကတော့ ကျောက်မျက်အရောင်းအဝယ် လုပ်တဲ့သူတွေ အစီအရီနဲ့ ထိုင်ခုံလေးတွေ၊ စားပွဲလေးတွေချပြီး အချင်းချင်း ရောင်းဝယ်ဖောက်ကားကြပါတယ်။ မိုးကုတ်ကျောက်ရောင်စုံကို လက်ဆောင်ဝယ်သွားချင်တယ်ဆိုရင်လည်း ထာပွဲကနေတဆင့် ကျောက်မျက်ဝယ်ရောင်းသမားတွေဆီမှာ ကြိုက်သလောက် ရွေးချယ်ဝယ်ယူနိုင်တာပေါ့။
ဖောင်တော်ဦးစေတီ၊ ချမ်းသာကြီးစေတီ၊ ဘီးတောင်စတဲ့ နာမည်ကျော်ဘုရားစေတီတွေကို ရောက်ပြီးပြီ ဆိုရင်တော့ မြို့နဲ့နီးတဲ့ ကင်းချောင်းရေတံခွန် အပန်းဖြေစခန်းဆိုတာလည်း သွားလို့ရပါသေးတယ်။ စိမ့်အေးနေတဲ့ ရေတံခွန်ကနေ ကျလာတဲ့ ရေတွေကို ကန်ပုံစံလေးဖော်ထားပြီး အပန်းဖြေအနားယူလို့ရတဲ့ နေရာတွေလုပ်ထားတာမို့ ရာသီဥတုပူတဲ့ အချိန်ဆိုရင်တော့ ရေကူးရတာ အဆင်ပြေလှတာပေါ့။
ဒီအချိန်ဆိုရင်တော့ ခဲမတတ်အေးစပြုနေတဲ့ ရေတွေနဲ့ ကျင်တက်နေတာ အမှန်ပါနော်။
မိုးကုတ်ရောက်နေတဲ့ ကာလအတွင်းမှာ သွားလည်ပတ်သင့်တဲ့ နေရာတခုကို ထပ်ပြပါဆိုရင်တော့ မိုးကုတ်မြို့လယ်ကနေ ၄၅ မိနစ်လောက် ဆိုင်ကယ် မောင်းရင် ရောက်နိုင်တဲ့ ပြောင်ခေါင်းဒေသက ဘားနဒ်ရွာကိုထပ်ပြီး ညွှန်ရမှာပါပဲ။
လူမှုကွန်ရက်မီဒီယာတွေမှာ ရေခဲတဲ့ဘားနဒ်ရွာဆိုပြီး မိုးကုတ်ရဲ့ အအေးဆုံးကာလဖြစ်တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ ဘားနဒ်ရွာလေးက ရေခဲနေတဲ့မြက်တောတွေ၊ အပင်လေးတွေ၊ အိမ်ခေါင်မိုးပေါ်က နှင်းခဲတွေကို ဓာတ်ပုံရိုက်ထားတာတွေ တွေ့နိုင်မှာပါ။
တကယ်တော့ ဘားနဒ်ရွာဟာ မိုးကုတ်မြို့ထက်ပိုမြင့်တဲ့အတွက် အအေးဓာတ်ကလည်း ပိုမိုမြင့်မားပါတယ်။
အခု အောက်တိုဘာမှာတော့ ရေမခဲသေးပေမဲ့ အအေးဓာတ်ကတော့ တော်တော်လေးကို မြင့်လာနေပါပြီ။ ဒီဘားနဒ်ရွာလေးကိုရောက်ဖို့ မိုးကုတ်မြို့ တောင်ပတ်လမ်းကနေ ဆိုင်ကယ်စီးရင် တောင်ပေါ်ရှုခင်း အလှတွေကို တ၀ကြီး မြင်ရပါမယ်။ မိုးကုတ်မြို့လေးကို အပေါ်စီးကမြင်ရတာကြောင့် တကယ်ကို အသက်ရှူရပ်လောက်အောင်လှတဲ့ တိမ်တောင်တောင်တွေနဲ့ အောက်က မုံအင်းနဲ့လှနေတဲ့မိုးကုတ်မြို့ကို ထိုင်ငေးနေလို့ရပါလိမ့်မယ်။
ပြောင်ခေါင်းဒေသဆိုတာကတော့ နာမည်ကျော် ပြောင်ခေါင်းစိမ်း တူးဖော်ရရှိတဲ့ဒေသဖြစ်လို့ ပြောင်ခေါင်းလို့ခေ်တာဖြစ်ပါတယ်။ ဒီတောင်ပေါ်ဒေသမှာတော့ တိုင်းရင်းသားရွာလေတွေစုပြီးတည်ရှိနေပါတယ်။ ဘားနဒ်ရွာကတော့ တရုတ်မိသားစုတွေနေထိုင်ကြတာ များပြီး အိမ်ခြေလည်း ရာဂဏန်းလောက်ပဲရှိတာပါ။
ဘားနဒ်ကိုမရောက်ခင် ရှုခင်းကြည့်လို့ရတဲ့ နေရာမှာဒီနှစ်မေလကမှ ကျောက်တုံး နံရံမှာ ထွင်းထုလိုက်တဲ့ ပြောင်ခေါင်းဒေသမှ ကြိုဆိုပါ၏ဆိုတာကို မြင်နိုင်မှာပါ။ မိုးတွင်းကာလတုန်းက မိုးများခဲ့တာကြောင့် တောင်ပေါ်လမ်းတွေကတော့ လမ်းဆိုးနေတယ်လို့ ပြောရပါမယ်။ ဆိုင်ကယ်စီးမကျွမ်းကျင်ရင်တော့ ခက်ခဲပါလိမ့်မယ်။ ကားနဲ့တက်လို့ရတယ်ဆိုပေမဲ့ လမ်းကျဉ်းတာကြောင့် သတိတော့ထားမောင်းရမှာပါ။
ဒီဘားနဒ်ရွာလေးဟာ သမိုင်းကြောင်းနဲ့ ရှိနေတာဖြစ်လို့ သဘာဝအလှတွေအပြင် သမိုင်းကြောင်းကိုပါ သိထားရင် လည်ပတ်ရတာ ပိုအရသာရှိတာကိုလည်း တွေ့ရပါတယ်။ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး သီပေါမင်းပါတော်မူပြီး နောက်ပိုင်း အင်္ဂလိပ်စစ်တပ်တွေဟာ မိုးကုတ်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် တပ်မြို့အဖြစ် ၁၈၈၆ လောက်မှာ သတ်မှတ်ခဲ့ပါတယ်။
အခုဘားနဒ်ရွာရှိတဲ့ဒေသမှာ အင်္ဂလိပ်စစ်တပ်တွေ စခန်းချနေထိုင်ခဲ့ကြပြီး အထက်မြန်မာပြည်ဆိုင်ရာ ကော်မရှင်နာမင်းကြီး ချားလ်စ်အက်ဒွက်ဘားနဒ်ကို အစွဲပြုလို့ ဘားနဒ်ဒေသလို့ အမည်တွင်ခဲ့တာဖြစ်ပါတယ်။ ရာသီဥတုအရ အင်္ဂလိပ်တွေ သဘောကျနိုင်တဲ့ အေးစိမ့်တဲ့ရာသီဥတုဖြစ်ပေမယ့် တောင်ကြားဒေသဟာ ရာသီဥတုကြမ်းတမ်းလာရင် တောင့်ခံနိုင်ဖို့အတော်ခက်ခဲခဲ့တဲ့ဒေသဖြစ်ခဲ့မှာပါ။
ဒီဒေသမှာ အင်္ဂလိပ်တပ်စခန်း ချခဲ့ကြောင်း သက်သေတွေကတော့ အင်္ဂလိပ်ခေတ်က ယမ်းလက်နက်တိုက်လို့ယူဆရတဲ့ ယမ်းတိုက်ဟောင်းရယ် စစ်သင်္ချိုင်းနေရာရယ်တည်ရှိနေဆဲကြောင့်လည်း ဖြစ်ပါတယ်။
ဒီစစ်သင်္ချိုင်းဟာ ဘားနဒ်ရွာထဲက တောင်ကုန်းလေးပေါ်မှာ တည်ရှိနေပြီး ခိုင်ခံ့လှတဲ့ အုတ်ပြားကြီးတွေပေါ်မှာ ကျဆုံးခဲ့တဲ့ အင်္ဂလိပ်စစ်သားတွေ့ရဲ့ နာမည်ကိုရေးထိုးထားတာကို တွေ့ရမှာပါ။
မြင်တွေ့ခဲ့ရတဲ့ အုတ်ပြားတွေပေါ်မှာဆိုရင် အစောဆုံးကာလကို ၁၈၈၆ ခုနှစ်လောက်ကနဲ့ ၁၈၉၃ ခုနှစ်ဝန်းကျင်ကာလလောက်အထိ မြင်တွေ့ရပါတယ်။
ကျဆုံးခဲ့တဲ့ တပ်သားတွေဟာ အင်္ဂလန်ပြည်က ဟမ်းရှိုင်းယား၊ ယော့ခ်ရှိုင်းယား၊ ဒါဗိုရှိုင်းယားစတဲ့ ဒေသတွေကဖြစ်တာကို တွေ့ရပါတယ်။
လက်ရှိမှာတော့ စစ်သင်္ချိုင်းထဲမှာ အုတ်ပြားအရေအတွက် ၂၀ ခန့်သာတွေ့ရပါတော့တယ်။ ဒီအနီးတဝိုက်မှာ နေထိုင်တဲ့ ရွာသားတွေ့ရဲ့ အဆိုအရတော့ အရင်က အုတ်ပြားရေ ၁၀၀ လောက်ရှိခဲ့ပြီး သဘာ၀ဘေးဒဏ်နဲ့ လူတွေရဲ့ ဆွဲနုတ်ယူမှုတွေကြောင့် ၂၀ လောက်သာ ကျန်ခဲ့တော့တာလို့သိရပါတယ်။
၂၀၁၅ ခုနှစ် ပထမအကြိမ်ရောက်တုန်းက ဒီသင်္ချိုင်းဟာ ခြောက်သွေ့နေတဲ့ မြက်ဖုတ်တွေကြားထဲမှာ ဟိုတစဒီတစဖြစ်နေခဲ့ပြီး ခုတခေါက်မှာတော့ မြက်ပင်တွေရှည်နေပေမဲ့ ယူကလစ်ပင်လေးတွေ ထင်းရှူးပင်လေးတွေ စိုက်ထားတာတွေ့ရပါတယ်။
ပတ်လည်မှာလည်း ကျောက်တံတိုင်းတခု ကာရံထားတာတွေ့ရပါတယ်။ ကျမတို့ရောက်တဲ့အချိန်မှာ မညှိုးနွမ်းသေးတဲ့ နှင်းဆီပန်းလေးတွေဟာ ကျောက်ပြားတချပ်စီရှေ့မှာ ထောင်ထားတာတွေ့ရပါတယ်။ လာရောက်လည်ပတ်တဲ့ ဧည့်သည်အချို့ ထားခဲ့တာဖြစ်မှာပါ။ အရင်က ဘားနဒ်စစ်သချိုင်းကိုလမ်းညွှန်ထားတဲ့ ဆိုင်းဘုတ်မရှိပေမဲ့ ခုတော့ ခပ်ယိုင်ယိုင်ဖြစ်နေတဲ့ လမ်းညွှန်ကလေး ၃ ခုလောက်တော့ ရွာထဲမှာ တွေ့ခဲ့ရပါတယ်။
ရွာထဲက ဒေသခံတွေပြောတာကတော့ ဘားနဒ်ကို ဒီနှစ်ပိုင်း လာရောက်လည်ပတ်သူတွေ ပိုများလာပါပြီတဲ့။ ဒါပေမယ့် ခရီးသွားတွေအများကြီးတော့ အဲဒီအချိန်မှာ မတွေ့ခဲ့ရပါဘူး။
ဘားနဒ်ရွာမှာ ဘားနဒ် ၅ ရက်ဈေးဆိုတာရှိပါတယ်။ ရွာနီးချုပ်စပ်က ဒေသထွက်ကုန်တွေကို ငါးရက်တခါ စုပေါင်းရောင်းချကြတဲ့ပွဲပါ။
အဲဒီအချိန်ကျရင်တော့ ကိုယ်လိုချင်တာလေးတွေကို စုဝယ်ထားလို့ရတယ်လို့ ရွာခံတွေကပြောပါတယ်။ အေးချမ်းပြီးတိတ်ဆိတ်တဲ့ ဒီဒေသလေးမှာ ၂၀၁၅ လောက်ကတော့ တယ်လီဖုန်းလိုင်းတွေ လုံးဝမမိပါဘူး။ အခု ၂၀၁၉ မှာတော့ ဖုန်းအော်ပရေတာ အကုန်လုံးကို သုံးလို့ရတဲ့အပြင် အင်တာနက်လိုင်းကလည်း အတော်ကောင်းမွန် နေတာ တွေ့ရပါတယ်။
ပြောင်ခေါင်းကိုလာတဲ့ လမ်းပန်းဆက်သွယ်ရေးသာ ပိုကောင်းလာရင်တော့ ဒီဒေသက ပိုပြီး ဖွံဖြိုးလာနိုင်သလို လူတွေများလာတာကြောင့်လည်း ရှိပြီးသား သဘာ၀ ပတ်ဝန်းကျင်လေးလည်း ပျက်စီးမှာကိုတော့ ပူမိရပါတယ်။
ဘာပဲပြောပြော မိုးကုတ်မြို့လေးဟာ အခုဆိုရင် မြို့တည်သက် ၈၀၁ နှစ်ရှိသွားပါပြီ။ သမိုင်းကြောင်းတွေနဲ့ သဘာဝအလှတွေနဲ့ လူတွေရဲ့ ဖော်ရွေမှုတွေနဲ့ လှပတဲ့ဒီမြို့လေးဟာ တကယ်ကို ချစ်ခင်စရာ၊ လည်ပတ်သွားလာရတာ ကျေနပ်စရာ၊ မမေ့နိုင်စရာမြို့လေးလည်းဖြစ်ပါတယ်။
အချိန်လေးလည်း ရတယ်ဆိုရင်ဖြင့် မိုးကုတ်မြို့လေးကတော့ ထည့်သွင်းလည်ပတ်ရမယ့်စာရင်းမှာ နံပါတ်တခုအဖြစ် တို့ထားသင့်တယ်လို့ ဆိုချင်ပါတယ်။
You may also like these stories:
ပြောင်းလဲ တိုးတက်မှု အရှိန်များ နှင့် ဗီယက်နမ်
၂၀၂၀ ခရီးသွားနှစ်အတွက် ကြယ် ၅ ပွင့် ဟိုတယ်တွေ တိုးချဲ့ဆောက်လုပ်နေတဲ့ နီပေါနိုင်ငံ
Pre Wedding ရိုက်လို့ ကောင်းတဲ့ ဥရောပက မြို့များ