၂၀၁၈ ခုနှစ်တုန်းက ထိုင်းနိုင်ငံ ထမ့်လုံ (Tham Luang) လှိုဏ်ဂူထဲမှာ တောဝက်ဘောလုံး အသင်းသားတွေနဲ့ လက်ထောက်နည်းပြ တဦးတို့ ပိတ်မိခဲ့တဲ့ အဖြစ်အပျက်ကို အားလုံးပဲ မှတ်မိကြဦးမယ် ထင်ပါတယ်။ ပိတ်မိနေတဲ့ တောဝက်အသင်းသားတွေကို ကယ်ဆယ်ရေး ပြုလုပ်နေတဲ့အချိန်မှာ မီဒီယာတွေရဲ့ အချိန်နဲ့ တပြေးညီ သတင်းတင်ဆက်နိုင်မှုကြောင့် ဒီကယ်ဆယ်ရေးဟာ တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ရတဲ့အထိ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။
ဒီလိုမျိုး လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်ခဲ့တဲ့ ထမ့်လုံ လှိုဏ်ဂူဟာဆိုရင်တော့ လက်ရှိအချိန်မှာ ကမ္ဘာလှည့်ခရီးသွားတွေ သွားလာ လည်ပတ်မှုများတဲ့ နေရာတခု ဖြစ်လာနေပါပြီ။
အခုဆို အဲဒီလှိုဏ်ဂူဟာ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ နေရာတွေထဲက တခုဖြစ်လာပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်တည်းက စပြီး ချင်းရိုင်ပြည်နယ်ရဲ့ သက်ဆိုင်ရာဌာနကနေ ကမ္ဘာလှည့် ခရီးသည်တွေ သွားရောက်လေ့လာ လည်ပတ်နိုင်အောင်လို့ လှိုဏ်ဂူကို တရားဝင် ဖွင့်လှစ်ပေးခဲ့ပါတယ်။
အရင်တုန်းကတော့ ဒီထမ့်လုံ လှိုဏ်ဂူတွင်းဟာ ဂူလမ်းကြောင်း ရှုပ်ထွေးလွန်းတာကြောင့် အဆုံးထိ သွားရောက်လေ့လာခဲ့တာမျိုး မရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျွမ်းကျင်ပညာရှင်တွေ ခန့်အပ်ထားတာကြောင့် ဂူအတွင်း လှည့်လည် လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။
ဂူအတွင်း သွားလာနိုင်တဲ့ လမ်းကြောင်းကို သံလက်ရန်းတွေနဲ့ သတ်မှတ်ပေးထားတာကြောင့် အရင်လို ပိတ်မိတာမျိုးနဲ့ လမ်းပျောက်တာမျိုးတွေ မဖြစ်နိုင်ဘူးလို့လည်း သိရပါတယ်။ ဂူထဲကို ဝင်ရောက် လေ့လာဖို့အတွက် အချိန် ကန့်သတ်ပေးထားပြီး တခေါက်ကို လူအယောက် ၃၀ စီနဲ့ တရက်ကို လူပေါင်း ၂ သောင်းလောက်ထိကို ဝင်ရောက် လေ့လာခွင့်ပေးမယ်လို့လည်း သိရပါတယ်။
ဂူထဲမှာ သွားလာနိုင်တဲ့ လမ်းကြောင်းကို မီတာ ၃၀ အထိ သတ်မှတ်ပေးထားတာကြောင့် သွားလာနိုင်တဲ့ လမ်းကြောင်းအတွင်း ဓာတ်ပုံရိုက်တာမျိုးတွေက အစပြုလုပ်နိုင်မှာဖြစ်ပြီး သက်ဆိုင်ရာ မှတ်တမ်းတွေအရ တနေ့ကို လူပေါင်း ၂ ထောင်လောက် လာရောက် လည်ပတ်လေ့ရှိတယ်လို့ သိရပါတယ်။
Ref. www.insider.com
You may also like these stories:
ကမ္ဘာလှည့် ခရီးသည်တွေကြား ရေပန်းစားလာတဲ့ ဗီယက်နမ်နိုင်ငံမှ “ရွှေတံတား”