Travel

ကလောမြို့မှာ တန်ဆောင်တိုင်အချိန် ကျင်းပလေ့ရှိတဲ့ မီးရှော်တိုင်ပွဲတော်

တန်ဆောင်တိုင်ရောက်ရင် လူအများစုက တောင်ကြီးနဲ့ ပြင်ဦးလွင်ကို သွားရောက် လည်ပတ်လေ့ ရှိကြပါတယ်။ လူတွေ သိပ်သတိမထားမိတဲ့ အချက်ကတော့ ကလောမြို့မှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ မီးရှော်တိုင်ပွဲတော်ပါပဲ။ အခုနှစ်ဆိုရင် ဒီပွဲတော်ကို ကျင်းပလာတာ ၁၇ ကြိမ်ထိ ရှိသွားခဲ့ပါပြီ။

ဒီပွဲတော်ကိုတော့ ကလောမြို့မှာ နေထိုင်တဲ့ ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ တောင်ရိုး၊ ဓနု စတဲ့ တိုင်းရင်းသားပေါင်းစုံက ကျင်းပလေ့ ရှိကြပါတယ်။ တန်ဆောင်တိုင် ရောက်လာရင် ဒီပွဲတော်ဟာ ကလောမြို့မှာတော့ ထင်ရှားတဲ့ပွဲတော်ဖြစ်ပြီး ခေတ်စနစ်နဲ့ လျော်ညီအောင် စီစဉ်ထားတဲ့ တိုင်းရင်းသားရိုးရာ အကတွေကိုလည်း တင်ဆက်လေ့ ရှိကြပါတယ်။

မြန်မာနိုင်ငံအရပ်ရပ်က လာရောက်ကြသူတွေသာမက နိုင်ငံခြားသားခရီးသွားတွေပါ ဒီပွဲတော်ကို ဆင်နွှဲလေ့ ရှိကြပါတယ်။ ကလောမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၄,၂၉၇ ပေခန့် ရှိတဲ့ မြို့တမြို့ပါ။ အင်္ဂလိပ်တွေ အုပ်ချုပ်စဉ်အခါကတော့ ကလောမြို့ကို သဘောကျတဲ့အတွက် မြို့အင်္ဂါရပ်နဲ့ ညီအောင် ဖွဲ့စည်းတည်ဆောက်ခဲ့ကြပါတယ်။

ကလောဆိုတဲ့ နာမည်ကိုတော့ အင်္ဂလိပ်တွေပေးခဲ့တာ မဟုတ်ပါဘူး။ ပလောင်လူမျိုးတွေက ကလောက်လို့ ခေါ်ရင်း ကလော ဆိုတဲ့ နာမည် ရလာခဲ့ပါတယ်။ ပလောင်စကားအရ ဆိုရင်တော့ ကလောက် ဆိုတာ ဒယ်အိုး (သို့မဟုတ်) ဇလုံလို့ အဓိပ္ပါယ် ရပါတယ်။ အရပ်လေးမျက်နှာကို တောင်တန်းတွေက ဝန်းရံထားတဲ့အတွက်ကြောင့် ကလောက်လို့ ခေါ်ရခြင်းပါပဲ။

ကိုလိုနီခေတ်က အဆောက်အဦ အများအပြား ရှိနေသေးပြီး ကလောမြို့မှာ ကျင်းပလေ့ရှိတဲ့ မီးကြာစံနဲ့ မီးရှော်တိုင်ပွဲတော်ကိုတော့ နှစ်စဉ် တောင်ကြီးတန်ဆောင်တိုင်အပြီး တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပလေ့ ရှိပါတယ်။ မီးရှော်တိုင်ပွဲတော်ဆိုတာကတော့ မီးရှူး မီးပန်းတွေ ချိတ်ဆွဲထားတဲ့ ယမ်းဆိုင်းတွေကို အမြင့်ပေ ၂၀ လောက်ရှိတဲ့ တိုင်ထိပ်မှတင်ပြီး မီးအလှပြတာပါ။

အဖွဲ့လိုက်၊ ရပ်ကွက်အလိုက် ပါဝင်ဆင်နွှဲကြတာဖြစ်လို့ တိုင်တတိုင်နဲ့ တတိုင်ဟာ အလှပုံစံချင်း ကွဲပြားလေ့ရှိကြပါတယ်။ ဒီပွဲတော်အတွင်းမှာ အရက်သေစာ ရောင်းချတာမျိုးကိုလည်း ခွင့်မပြုထားဘူးလို့ သိရပါတယ်။ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ဒီပွဲတော်ကိုတော့ တနှစ်ထက်တနှစ် ပိုမိုစည်ကားလာအောင် ကလောမြို့မှာနေထိုင်ကြတဲ့ ပြည်သူတွေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးတွေ ပူးပေါင်းဆောင်ရွက်လေ့ ရှိကြပါတယ်။

တန်ခူးလမှာဆိုရင်လည်း ပအိုဝ်းရိုးရာ မီးလုံးလွှတ်ပွဲ (ဒုံးလွတ်ပွဲ) ကို ခမ်းခမ်းနားနား ကျင်းပလေ့ ရှိပါတယ်။ အဲဒီ ပွဲတော်မှာဆိုရင်လည်း ကလောမြို့အနီး နေသူတွေ လာရောက် ယှဉ်ပြိုင်လေ့ ရှိကြပါတယ်။

ကလောမြို့ဟာ ဟိုတယ်ပေါင်း ၈၀ ကျော် ရှိပေမယ့် တန်ဆောင်တိုင်အချိန်ဆိုရင်တော့ ဘုန်းကြီးကျောင်းတွေပါမကျန် လူပြည့်နေလေ့ ရှိတတ်ပါတယ်။ ဒါကြောင့်လည်း တန်ဆောင်တိုင်အချိန်ရောက်ရင် တောင်ကြီးနဲ့ ပြင်ဦးလွင်ကိုသာ မဟုတ်ဘဲ ကလောမြို့မှာ ကျင်းပလေ့ရှိတဲ့ မီးရှော်တိုင်ပွဲတော်ကိုလည်း သွားရောက်လည်ပတ်သင့်ပါတယ်။

ကိုးကား – mm.wikipedia

Loading