ပါကစ္စတန်နိုင်ငံဟာ တချိန်တုန်းက ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။ အခုအခါမှာတော့ ပါကစ္စတန်နိုင်ငံမှာ ဗုဒ္ဓဘာသာ သိပ်မရှိတော့ပေမယ့် စေတီပုထိုးတွေ၊ ရှေးကျတဲ့ဗုဒ္ဓဘာသာ အဆောက်အဦတွေတော့ ကျန်ရှိနေပါသေးတယ်။
ဒါကြောင့်လည်း တောင်ကိုရီးယားနိုင်ငံက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ၊ ဘုရားဖူးဧည့်သည်တွေနဲ့ သုတေသနပညာရှင်တွေပါဝင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ပါကစ္စတန်နိုင်ငံကို ၄ ရက်ကြာ သွားရောက် လည်ပတ်ခဲ့ကြပါတယ်။
အဲဒီ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့မှာတော့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၄ ပါး ၊ ဆိုးလ်ဗုဒ္ဓဘာသာ တက္ကသိုလ်နဲ့ Dongguk တက္ကသိုလ်က ပါမောက္ခတွေနဲ့ သုတေသီသမားတွေ ပါဝင်ပါတယ်။
ဒါကြောင့်လည်း ပါကစ္စတန်နိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီးဖြစ်တဲ့ Kwak Sung-Kyu ကလည်း ဗုဒ္ဓဘာသာဆိုင်ရာ သာသနိက အဆောက်အဦတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ၂ နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပါသေးတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၀၀ လောက်တုန်းကတော့ ပါကစ္စတန်နိုင်ငံမှာ ဗုဒ္ဓဘာသာ အကြီးအကျယ် ထွန်းကားခဲ့ပါတယ်။ စေတီပုထိုးနဲ့ ရှေးဟောင်း အဆောက်အဦတွေဟာ ပျက်စီးယိုယွင်းတာ ဖျက်ဆီးခံရတာမျိုးရှိခဲ့ပေမယ့် ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်းလက်ရာတွေ ကျန်ရှိနေပါသေးတယ်။
Khyber Pakhtunkhwa ဒေသရဲ့ ခရီးသွားလာရေးဝန်ကြီးဖြစ်တဲ့ Atif Khan ကလည်း ဘာသာရေး ဆိုင်ရာ ခရီးသွားလုပ်ငန်းကို ပိုမိုမြှင့်တင်ဖို့လိုကြောင်းပြောခဲ့ပါသေးတယ်။ အဓိကကတော့ Khyber Pakhtunkhwa ပြည်နယ်အတွင်းမှာ ကျန်ရှိနေတဲ့ ရှေးဟောင်း ဗုဒ္ဓဘာသာဆိုင်ရာနေရာ ၆၀၀၀ ကျော်ပါပဲ။
ဘာသာရေးမှာအခြေခံတဲ့ ခရီးသွားလုပ်ငန်းတွေဟာ အခုအချိန်မှာ ပြန်လည် ထွန်းကားလာနေပါတယ်။ တချိန်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကိုအခြေခံပြီး လူတဦးနဲ့တဦးကြား နိုင်ငံတနိုင်ငံနဲ့တနိုင်ငံကြား မုန်းတီးမှုတွေ မရှိသင့်တော့ပါဘူး။
ပါကစ္စတန်မှာ ဗုဒ္ဓဘာသာ ခရီးသွားလုပ်ငန်း ထွန်းကားလာမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၀၀ ကျော်လောက်က ရှေးဟောင်းစေတီပုထိုးတွေနဲ့ ရှေးဟောင်းလက်ရာတွေကို လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။
Ref: buddhistdoor.net, BBC
You may also like these stories:
ဗုဒ္ဓဘာသာ နာမည်ပျက်ခြင်းရဲ့ တရားခံများ
ပါကစ္စတန်နိုင်ငံအကြောင်း စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်များ
နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအကြောင်း တစေ့တစောင်း