မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ တဦးနဲ့ တဦး ရေပက်ဖြန်း ဆော့ကစားကြတဲ့ သင်္ကြန်ပွဲရှိသလို ကမ္ဘောဒီးယားနိုင်ငံမှာလည်း ရေကစားတဲ့ ပွဲတော် ရှိပါတယ်။ ဒီပွဲတော်ကိုတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဖနွမ်းပင်မြို့မှာ ၃ ရက်ကြာ ကျင်းပလေ့ ရှိပါတယ်။
ဒီပွဲတော်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ အကြီးအကျယ် ကျင်းပခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ အဆိုအရကတော့ ပွဲတော်ကျင်းပနေချိန် ၃ ရက်တာကာလအတွင်း ဖနွမ်းပင်မြို့ကို ခရီးသွားပေါင်း ၄ ဒဿမ ၇ သန်းကျော် လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။
Khmer Times သတင်းစာကလည်း မနှစ်ကထက်စာရင် ခရီးသွားဧည့်သည်ပေါင်း ၅ ရာခိုင်နှုန်းတိုးလာတယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ ကမ္ဘောဒီယားနိုင်ငံသားက ၄ သန်းကျော် ပါဝင်ခဲ့ပြီး နိုင်ငံတကာခရီး သွားပေါင်းက ၃ သောင်းကျော် ပါဝင်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Sopheak ကလည်း ပွဲတော် ပထမရက်မှာ ခရီးသွားပေါင်း ၁ သန်းဝက်လောက်သာ ရှိခဲ့ပေမယ့် နောက် ၂ ရက်မှာတော့ ခရီးသွား အများအပြားတိုးလာခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ၂ ရက်မှာ လူပိုများလာရတဲ့ အကြောင်းကတော့ လူတွေအနေနဲ့ လုံခြုံမှုရှိတယ်လို့ခံစားရပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပွဲတော် ဖြစ်တဲ့အတွက်ကြောင့်ပါ။
အခုကျင်းပခဲ့တဲ့ ပွဲတော်ဟာ ကမ္ဘောဒီးယားပြက္ခဒိန်မှာတော့ အဓိကအရေးကြီးတဲ့ ပွဲတော်အဖြစ် ဖော်ပြ ထားပါတယ်။ ဖနွမ်းပင် ရေကစားပွဲတော်ကိုတော့ ကမ္ဘောဒီးယားနိုင်ငံအနှံ့က လူပေါင်းများစွာ လာရောက်လေ့ ရှိပါတယ်။ ဒီပွဲတော်အတွင်း လှေပြိုင်ပွဲတွေနဲ့ မီးရှူးမီးပန်းအလှတွေလည်း ပါဝင်ပါတယ်။
Photo – ပုံ ၁ သုံးရန်
“အခုချိန်မှာ ကမ္ဘောဒီးယား ပြည်သူတွေအနေနဲ့ ဝင်ငွေတိုးလာကြပါတယ်။ ဒါကြောင့်လည်း ဒီပွဲတော်ကို ပျော်ရွှင်လိုကြတဲ့ ကမ္ဘောဒီးယားပြည်သူအများအပြား လာရောက်ကြတာပါပဲ။ အခုဆိုရင်တော့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေလည်း တိုးတက်မှု ရှိလာပါတယ်” လို့ ခရီးသွား လာရေးဝန်ကြီး Sopheak က ပြောပါတယ်။
Ref: bangkokpost