နှစ် ၅၀ အတွင်း စံချိန်တင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေတဲ့ ဗင်းနစ်မြို့အတွက် အီတလီအစိုးရက နိုဝင်ဘာလ ၁၄ ရက်နေ့က အရေးပေါ် အခြေအနေ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့မှာ မြစ်ရေမြင့်တက်မှုဟာ ၆ ပေကျော်အထိ ရှိနေပြီး အဲဒါဟာ ၁၉၆၆ ခုနှစ်က မြင့်တက်ခဲ့တဲ့ ရေအမြင့်ထက် ၂ လက်မခန့် ပိုနေတာ ဖြစ်ပါတယ်။ ဒီလို ရေလွှမ်းမိုးမှုကြောင့် ဘုရားကျောင်း၊ နေအိမ်နဲ့ ဈေးဆိုင်တွေ အားလုံးနီးပါးကို ပိတ်ထားရပါတယ်။
အီတလီဝန်ကြီးချူပ် ဂူဆက်ပီ ကွန်တီကတော့ “ဒါဟာ စိတ်ထိခိုက်စရာပါပဲ။ ရိုးရာအမွေအနှစ်ပစ္စည်းတွေကို ထိခိုက်ပျက်စီးစေပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေအတွက်လည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်တော့ဘူးပေါ့။ ဗင်းနစ်က နိုင်ငံရဲ့ အသည်းနှလုံးပါ”လို့ ဒေသခံ သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။
သတင်းဌာနတွေနဲ့ တွေ့ဆုံပြီး မကြာခင်မှာ ဝန်ကြီးချုပ် ကွန်တီဟာ အရေးပေါ်အခြေအနေ ထုတ်ပြန်ခြင်းကို အတည်ပြုကြောင်းနဲ့ အရေးပေါ် ကူညီဆောင်ရွက်မှုတွေ ဆောင်ရွက်ပေးနိုင်ဖို့ ယူရို သန်း ၂၀ ကို ချက်ချင်း ထုတ်ပေးရန် ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြင်ဆင်ဖို့ အိမ်တိုင်းဟာ ယူရို ၅၀၀၀ ရရှိမှာ ဖြစ်ပါတယ်။
အခုအချိန်ကတည်းက သန့်ရှင်းရေး ပြုလုပ်ခြင်းတွေကို စတင်နေပြီ ဖြစ်ပြီး အလုပ်သမားပေါင်း ၁၄၀ ကျော်က လှေပေါင်း ၄၀ ကျော်နဲ့ ရှင်းလင်းမှုတွေ လိုက်လံ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ရေကြောင့် ဗင်းနစ်မြို့ရဲ့ နာမည်ကြီး လျှောက်လမ်းတွေ ပျက်စီးခဲ့ပြီး နာမည်ကျော် နေရာတော်တော်များများလည်း အပျက်အစီးများတယ်လို့ သိရပါတယ်။
ဗင်းနစ်မြို့ရဲ့ နာမည်အကြီးဆုံးစာအုပ်ဆိုင်အတွင်းကိုလည်း ရေတွေဝင်ပြီး စာအုပ်တွေ အများကြီး ပျက်စီး သွားခဲ့ရပါတယ်။ ရှေးဟောင်းအမွေ အနှစ်လက်ရာတွေ ပျက်စီးမှုရှိတာကြောင့် ခရီးသွားတွေလည်း ဝမ်းနည်းစိတ်မကောင်း ဖြစ်နေတာကို တွေ့ရပါတယ်။
ဗင်းနစ်ဟာ ရေလွှမ်းမိုးမှု မကြာခဏ ခံရတာကြောင့် ကာကွယ်တားဆီးမှုတွေ ပြုလုပ်ထားပြီး ဖြစ်ပေမယ့် လုံလောက်မှု မရှိသေးဘူးလို့ သိရပါတယ်။ ဗင်းနစ်မြို့တော်ဝင်ကတော့ အခုလို ရေလွှမ်းမိုးမှု ဖြစ်တာဟာ ရာသီဥတုပြောင်းလဲလာ ခြင်းကြောင့် ဖြစ်တယ်လို့ ပြစ်တင်ပြောဆိုထားပါတယ်။
Ref; npr.org