ခရီးသွားလာရ လွယ်ကူလာတာနဲ့အမျှ လူတွေဟာ ခရီးပိုမိုသွားလာကြပြီး ထင်ရှားတဲ့နေရာတွေမှာဆို ခရီးသွားတွေက အများအပြားပါပဲ။ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်က တဟုန်ထိုး တိုးတက်လာတဲ့အတွက် ဒေသခံဂျပန်လူမျိုးတွေအတွက် ပြဿနာ တရပ်ဖြစ်လာပါတယ်။
ဟော့ကိုင်းဒိုမှာဆိုရင် နိုင်ငံတကာခရီးသွားတွေက စိုက်ပျိုးမြေတွေကို ကျူးကျော်တာ၊ အမှိုက်တွေကို မဆင်မခြင်ပစ်တာ၊ သဘာဝအလှအပတွေကို ပျက်စီးစေတာ၊ ယာဉ်ကြောပိတ်ဆို့ စေတာ စတဲ့ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ ဒီလိုဖြစ်ပျက်လာတာတွေဟာ နိုင်ငံတကာ ခရီးသွားအများအပြား ဂျပန်နိုင်ငံကို လာရောက်နေတဲ့အတွက်ပါ။ ဒါကြောင့်လည်း ဒေသအစိုးရနဲ့ ဂျပန်နိုင်ငံသားတွေဟာ ဒီပြဿနာကို ဖြေရှင်းဖို့ ရုန်းကန်နေရပါတယ်။
လူတွေရဲ့ ဖိနပ်မှာ ရောဂါပိုးမွှားတွေ ကပ်နေလေ့ရှိပါတယ်။ ဒီဖိနပ်တွေ စီးပြီး တောတောင်တွေထဲ လာရောက် လည်ပတ်ကြတဲ့အခါ ကောက်ပဲသီးနှံတွေကို ပျက်စီးမှုတွေ ရှိလာနိုင်တယ်လို့ အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ လယ်သမားတယောက်က ပြောပါတယ်။ သူဟာ Biei မြို့မှာ နေထိုင်သူတယောက်ဖြစ်ပြီး တောင်ကုန်းရှုခင်းတွေနဲ့ လှပတဲ့ Biei မြို့ကို နှစ်စဉ် ခရီးသွားပေါင်း ၂ သန်းကျော် လာရောက်လေ့ရှိပါတယ်။ ဂျပန်လူမျိုးတွေဟာ သဘာဝ အလှအပကို တန်ဖိုးထားသူတွေလည်း ဖြစ်ပါတယ်။
တောင်သူလယ်သမား ၄၀၀ ကျော်ဟာ ဟက်တာ ၁ သောင်း ကျယ်ဝန်းတဲ့ စိုက်ပျိုးမြေမှာ ကောက်ပဲသီးနှံတွေ စိုက်ပျိုးတွေလေ့ ရှိပါတယ်။ နိုင်ငံခြားခရီးသွား အများအပြားဟာ ဆိုရှယ် မီဒီယာတွေပေါ်တင်ဖို့ လယ်ကွင်းတွေထဲ ရောက်လာလေ့ ရှိကြပါတယ်။ နောက်ထပ် ပြဿနာ တခုကတော့ ခွင့်ပြုချက် မရဘဲ ဒရုန်းတွေကို ပျံသန်းတာပါ။
ပြီးခဲ့တဲ့ ဇွန်လအတွင်း မြို့တော်အစိုးရနဲ့ အခြားသူတွေ တည်ထောင်ထားတဲ့ Website ကို ဒီလို အဖြစ်အပျက်တွေပေါင်း ၃၀ လောက် တိုင်တန်းခဲ့ပါတယ်။ လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာမြေတွေကို ထပ်မံ မပျက်စီးစေလိုတော့ပါဘူး။ ခရီးသွားတွေဟာ ဂျပန်လူမျိုးတွေ တန်ဖိုးထားတဲ့ ပေါ်ပလာပင်တွေနဲ့ ဂျပန်ထင်းရှူးတွေကို ခုတ်လှဲလေ့ ရှိကြတယ်လို့လည်း ဆိုပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ဂျပန်နိုင်ငံကို နိုင်ငံတကာခရီးသွားပေါင်း ၃၁ ဒဿမ ၁၉ သန်း လာရောက်ခဲ့ပါ တယ်။ ဂျပန်အစိုးရကတော့ ၂၀၂၀ အတွင်း ခရီးသွားပေါင်း သန်း ၄၀ လာရောက်ဖို့ ဆန္ဒရှိနေပါတယ်။
Ref: nationthailand