ခရီးသွားလုပ်ငန်း တိုးတက်လာတာနဲ့အမျှ လူတွေလည်း ခရီးပိုမိုထွက်လာကြပါတယ်။ ခရီးသွားလုပ်ငန်းကလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုမိုဆက်စပ်မှုရှိလာပါတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ ကထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေ အရဆိုရင်တော့ လူအများစု သွားရောက်လည်ပတ်တဲ့နိုင်ငံတွေကတော့ ပြင်သစ် ၊ စပိန် ၊ အမေရိကန်ပြည်ထောင်စု နဲ့ တရုတ်နိုင်ငံတို့ပါပဲ။
ဒီစာရင်းမှာ ပြင်သစ်နိုင်ငံက ထိပ်ဆုံးကရှိနေပါတယ်။ ပဲရစ်လိုမျိုး မြို့ကို ပိုင်ဆိုင်ထားတာကလည်း ပြင်သစ်ကို ခရီးသွား အများအပြား လာရောက်လည်ပတ်စေတဲ့အချက်ပါပဲ။ ၂၀၁၈ ခုနှစ်အတွင်း ပြင်သစ် နိုင်ငံကို ခရီးသွားပေါင်း ၈၉ သန်း လာရောက်ခဲ့ကြပါတယ်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းက ထုတ်ပြန်ထားတဲ့စာရင်းမှာ ဒုတိယနေရာကရှိနေတာကတော့ စပိန်နိုင်ငံဖြစ်ပြီး နိုင်ငံတကာ ခရီးသွားဧည့်သည်ပေါင်း ၈၃သန်း လာရောက်ခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းကနေ စပိန်နိုင်ငံဟာ နှစ်စဉ် တိုင်းပြည် ဂျီဒီပီရဲ့ ၁၁ ရာခိုင်နှုန်းရရှိနေပါတယ်။ စပိန်ကို အများဆုံးလာ ရောက်လည်ပတ်ကြတာကတော့ ဥရောပနိုင်ငံသား တွေပါပဲ။
တတိယနေရာမှာရှိနေတာကတော့ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ခရီးသွားပေါင်း သန်း ၈၀ လာရောက်ခဲ့ပါတယ်။ အမေရိကန်ရဲ့ မြို့အများစုဟာ နိုင်ငံတကာခရီးသွား ဧည့်သည်တွေနဲ့ ပြည့်နှက်နေလေ့ရှိပါတယ်။
စတုတ္ထအများဆုံး လာရောက်လည်ပတ်တဲ့နိုင်ငံကတော့ တရုတ်နိုင်ငံပါပဲ။ တရုတ်နိုင်ငံကို လူတွေ လာရောက် လည်ပတ် ရခြင်းရဲ့ရည်ရွယ်ချက်တော့ မဟာတံတိုင်းကြီးကြောင့်ပါ။ တရုတ်နိုင်ငံမှာ သမိုင်းဆိုင်ရာ အဆောက်အဦ ပေါင်းများစွာကလည်း ရှိနေပါသေးတယ်။ ဒါကြောင့်လည်း ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံတကာခရီးသွား အရေအတွက်က ၆၃ သန်းရှိခဲ့ပါတယ်။
နောက်ထပ်နိုင်ငံတနိုင်ငံကတော့ အီတလီနိုင်ငံပါပဲ။ အီတလီနိုင်ငံကလည်းစိတ်ကူးယဉ်ချင် စရာကောင်းတဲ့ နိုင်ငံတနိုင်ငံပါ။ အလယ်ခေတ်လောက်ကတည်ဆောက်ခဲ့တဲ့ အဆောက်အဦပေါင်း များစွာကလည်း ခရီးသွားတွေကို အဓိကဆွဲဆောင်လေ့ ရှိပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း အီတလီနိုင်ငံကို လာရောက်လည်ပတ်ခဲ့ကြတဲ့ နိုင်ငံတကာ ခရီးသွားပေါင်းက ၆၂ သန်းရှိခဲ့ပါတယ်။
Ref:worldatlas