မြန်မာနိုင်ငံကနေ အင်္ဂလန်နိုင်ငံအထိ မိုင်ပေါင်း ၃ သောင်းကျော် ဆိုင်ကယ်နဲ့ ခရီးနှင်ခဲ့ကြတဲ့ ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖတို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့မှာ အင်္ဂလန်နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ စတင်ထွက်ခွာပြီး ၃ လပြည့်တဲ့နေ့မှာပဲ အင်္ဂလန်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ စက်တင်ဘာ ၈ ရက်နေ့မှာ အင်္ဂလန်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာခဲ့ကြပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ အီရန်နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ အီရန်နိုင်ငံသား တွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ Facebook Page မှာ အခုလိုပဲ ရေးသားထားပါတယ်။
“အီရန်က ထင်သလို မဟုတ်ဘူး။ နိုင်ငံခြားသားတွေ့ရင် တရင်းတနှီး နှုတ်ဆက်ကြတယ်။ ကြုံရင် ကြုံသလို မုန့်ကျွေးကြတယ်။ သစ်သီးတွေလည်း ကျွေးကြတယ်” ဆိုပြီး ရေးသားထားပါတယ်။
သူတို့ ၂ ယောက်ဟာ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ပါကစ္စတန်နိုင်ငံကို ရောက်ရှိခဲ့ပြီး အခုဆိုရင်တော့ အိန္ဒိယနိုင်ငံကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ ၂ ယောက်ရဲ့ ခရီးစဉ်ဟာ မကြာခင်မှာ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။
မိုင်ပေါင်း ၃ သောင်းကျော် ခရီးနှင်ခဲ့တဲ့ သူတို့ ၂ ယောက်ရဲ့ ခရီးစဉ်ကိုတော့ ပြီးခဲ့တဲ့မေလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့က စတင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုဆိုရင်တော့ သူတို့ ၂ ယောက်ရဲ့ ခရီးစဉ်ဟာ ၆ လ ပြည့်မြောက်ပါတော့မယ်။
အင်္ဂလန်ကို ရောက်တုန်းကလည်း လန်ဒန်အခြေစိုက် မြန်မာသံရုံးက မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းက သူတို့ ၂ ယောက်ကိုဖိတ်ကြားခဲ့ပြီး Charles လမ်းက မြန်မာသံရုံးမှာ တွေ့ဆုံခဲ့ပါသေးတယ်။ သံအမတ်ကြီးနဲ့ တွေ့ဆုံခဲ့စဉ်မှာတော့ ခရီးလမ်းတလျှောက်က အကြောင်းအရာတွေကို ပြန်လည်မျှဝေခဲ့ပြီး သံအမတ်ကြီးကလည်း သူတို့ ၂ ယောက်ကို လက်ဆောင်ပစ္စည်းတွေ ပေးခဲ့ပါသေးတယ်။
မိုင်ပေါင်း ၃ သောင်းကျော်ခရီးကို ဆိုင်ကယ်ကိုယ်စီနဲ့ သွားဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒီခရီးအတွက်သူတို့ ၂ ယောက်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ကြိုတင် ပြင်ဆင်ခဲ့ရပါတယ်။
အခုဆိုရင်တော့ သူတို့ ၂ ယောက်ရဲ့ခရီးဟာ ကမ္ဘာ့သမိုင်းမှတ်တမ်းဝင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မကြာခင်မှာတော့ သူတို့ ၂ ယောက်ဟာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိတော့မှာဖြစ်ပါတယ်။
You may also like these stories:
မြန်မာဆိုင်ကယ်သမား နှစ်ယောက်ရဲ့ အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံ အပြန်ခရီး
မိုင်ပေါင်း ၁၇၀၀၀ ကျော် မောင်းနှင်ပြီး မြန်မာဆိုင်ကယ်သမား နှစ်ယောက် အင်္ဂလန် ရောက်ရှိ
မိုင်ပေါင်း ၃၀,၀၀၀ ကျော် ခရီးနှင်ခဲ့တဲ့ မြန်မာ ဆိုင်ကယ်သမား နှစ်ယောက် လန်ဒန် ရောက်တော့မည်
“Women Riders World Relay” ခရီးစဉ်တွင် မြန်မာအမျိုးသမီး ဆိုင်ကယ်သမားများ ပါဝင်မည်