နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ရောက်ရာ အရပ်ဒေသမှာ Selfie ရိုက်တတ်ကြတာ သဘာဝပါ။ ဒီလို ရိုက်ရတဲ့အကြောင်းကလည်း ကိုယ်ရောက်ခဲ့တဲ့ ဒေသကို အမှတ်တရအဖြစ် သိမ်းထားချင်လို့ပါ။ ဒါဟာ သဘာဝကျတဲ့ ကိစ္စတခုဖြစ်ပေမယ့် အသက်ဆုံးရှုံးလောက်တဲ့ အထိတော့ မစွန့်စားသင့်ပါဘူး။
နိုဝင်ဘာလ အစောပိုင်းတုန်းက ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ အသက် ၃၃ နှစ်အရွယ် ပြင်သစ်နိုင်ငံသားတယောက်ဟာ Koh Samui ကျွန်းမှာရှိတဲ့ Na Mueang 2 ရေတံခွန်ပေါ်မှာ Selfie ရိုက်ဖို့ကြိုးစားရင်း ပြုတ်ကျသေဆုံးခဲ့ရပါတယ်။ အဲ့ဒီ ပြင်သစ်နိုင်ငံသား ပြုတ်ကျခဲ့တဲ့နေရာကပဲ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက စပိန်နိုင်ငံသား တယောက် ပြုတ်ကျ သေဆုံးခဲ့ပါသေးတယ်။
အဲဒီနေရာဟာ မတ်စောက်ပြီး အလွန်ချော်တဲ့ နေရာတနေရာပါ။ ဒါကြောင့်လည်း ပြင်သစ်နိုင်ငံသား သေဆုံးခဲ့တဲ့နေရာကို ရောက်ဖို့ နာရီပေါင်း များစွာ သွားခဲ့ရတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။ ပြင်သစ်နိုင်ငံသား ပြုတ်ကျသေဆုံးခဲ့တဲ့ နေရာဟာ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာတဝန်းလုံးမှာ Selfie ရိုက်ပြီးသေဆုံးခဲ့တဲ့ လူ အရေအတွက် ၂၅၉ ဦး ရှိခဲ့ပါတယ်။ အများဆုံးကတော့ အိန္ဒိယနိုင်ငံသားတွေဖြစ်ပြီး ဒုတိယကတော့ ရုရှားနိုင်ငံသားတွေပါ။ အဲဒီ ၂ နိုင်ငံပြီးရင်တော့ အမေရိကန်ပြည်ထောင်စုနဲ့ ပါကစ္စတန်နိုင်ငံသားတွေပါပဲ။
Selfie ရိုက်ရင်းသေဆုံးခဲ့တဲ့ အရေအတွက် ၇၂ ရာခိုင်နှုန်းဟာ အမျိုးသားတွေဖြစ်ပြီး အသက် ၃၀ နှစ်အောက်တွေ ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ရေကာတာတခုမှာ Selfie ရိုက်ဖို့ကြိုးစားခဲ့တဲ့ အိန္ဒိယမိသားစု ၄ ယောက်ဟာ ရေကာတာထဲ ပြုတ်ကျပြီး သေဆုံးခဲ့ရပါသေးတယ်။
ခရီးသွား ဧည့်သည်တွေအနေနဲ့ Selfie ရိုက်တာကို ဂရုတစိုက် ဆောင်ရွက်သင့်ပါတယ်။ ဒေသခံ အာ ဏာပိုင်တွေက အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ Selfie မရိုက်မိအောင် ကြိုးစား သင့်ပါတယ်။ ကိုယ့်အတွက် အန္တရာယ်ရှိနိုင်တဲ့ နေရာတွေမှာ Selfie မရိုက်သင့်ပါဘူး။
Ref: edition.cnn