Travel

ဆယ်စုနှစ် တစုအကြာမှာ ပြန်လည် ဖွင့်လှစ်လိုက်တဲ့ ဂျေရုစလင်က ရှေးဟောင်းဘုရင့်သင်္ချိုင်းများ

အစ္စရေးနိုင်ငံမှာ ရှေးဟောင်းဘုရင့်သင်္ချိုင်းတွေ ရှိပါတယ်။ တချို့ကိုတော့ ပြန်လည်ပြင်ဆင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လူတွေ လာရောက် လည်ပတ်ခွင့် ပိတ်ပင်ထားခဲ့ပါတယ်။ ရှေးဟောင်း ဘုရင့် သင်္ချိုင်းတွေနဲ့ ပတ်သက်ပြီး ပြင်သစ်နဲ့ အစ္စရေးနိုင်ငံကြားမှာ ပိုင်ဆိုင်မှု အငြင်းပွားခဲ့ကြတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ ပြင်သစ်အာဏာပိုင်တွေက ဂျေရုစလင်မှာရှိတဲ့ “ရှေးဟောင်း ဘုရင့်သင်္ချိုင်း”တွေကို လူတွေ လာရောက် လည်ပတ်နိုင်ဖို့အတွက် ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဆယ်စုနှစ်တခုကြာပြီးမှ ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂျေရုစလင်မှာရှိတဲ့ “ဘုရင့်သင်္ချိုင်း”တွေကို ဒေါ်လာ ၁ ဒဿမ ၁ သန်း တန်ကြေးရှိတဲ့ ပြန်လည် ပြင်ဆင်မှုတွေ လုပ်မယ်ဆိုပြီး ၂၀၀၉ ခုနှစ်ကတည်းက ပိတ်ထားခဲ့ပါတယ်။ သိပ်မကြာသေးတဲ့ ကာလတုန်းကလည်း လူတွေ လာရောက် လည်ပတ်နိုင်အောင် ကြိုးစားဆောင်ရွက်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။

အခု နိုဝင်ဘာလကနေ စပြီးတော့ ဂျေရုစလင်က ဘုရင့်သင်္ချိုင်းတွေကို အများပြည်သူ လည်ပတ်နိုင်ပြီဖြစ်ပေမယ့် လူဦးရေ ကန့်သတ်ချက်တော့ ရှိပါတယ်။ သမိုင်းဝင်နေရာတွေကို လူအများအပြား လာရောက်လည်ပတ်ကြတဲ့အခါ ရှေးဟောင်းလက်ရာတွေ ပျက်စီးသွားမှာ စိုးရိမ်တဲ့အတွက် အခုလို လူဦးရေ အကန့်အသတ်နဲ့သာ လည်ပတ်ခွင့်ပြုတာလည်း ဖြစ်ပါတယ်။

လူတွေလာရောက် လည်ပတ်ဖို့ ခွင့်ပြုလိုက်တဲ့ နေရာကတော့ ဘုရင်မ ဟယ်လင်နာရဲ့ သင်္ချိုင်းဂူဖြစ်တယ်လို့ လူတွေက ယုံကြည်ထားကြပါတယ်။ ဂျေရုစလင် အရှေ့ပိုင်းမှာရှိပြီး သူမဟာ ပထမရာစုနှစ် တုန်းက ဂျူးဘာသာကို ကူးပြောင်းခဲ့သူတယောက်လည်း ဖြစ်ပါတယ်။ သင်္ချိုင်းဂူရဲ့ သက်တမ်းက နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပြီဖြစ်ပြီး နိုင်ငံတကာခရီးသွားတွေအနေနဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကနေ စပြီး ဘုရင်မရဲ့ သင်္ချိုင်းကို လည်ပတ်နိုင်ပါပြီ။ ဘုရင်မကို မြှုပ်နှံထားတဲ့အခန်းကို လည်ပတ်ခွင့်ကတော့ ပိတ်ပင်ထားတုန်းပါပဲ။

တရက်ကို လူဦးရေ ၆၀ သာ လည်ပတ်ခွင့်ပြုထားတဲ့ အဲဒီနေရာကို လာရောက် လည်ပတ်ချင်တဲ့ နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ အွန်လိုင်းကနေ Passport (သို့မဟုတ်) မှတ်ပုံတင်ပြပြီး လက်မှတ်ဝယ်ယူနိုင်ပါတယ်။

နိုင်ငံတကာခရီးသွားတွေကို လာရောက်လည်ပတ်ခွင့်ပြုထားတဲ့ “ဘုရင်မသင်္ချိုင်း” ကို ၁၈၆၃ ခုနှစ်မှာ ပြင်သစ်လူမျိုး Felicien de Saulcy ဆိုသူက ပထမဆုံးတူးဖော်တွေ့ရှိခဲ့ပါတယ်။ “ဘုရင်မသင်္ချိုင်း” တူးဖော်တွေ့ရှိတဲ့မြေကွက်ကို ၁၈၇၈ ခုနှစ်မှာ ပြင်သစ် – ဂျူး အမျိုးသမီးဖြစ်တဲ့ Amalya Bertrand ဆိုသူက ပြင်သစ် ကောင်စစ်ဝန်ရုံးကနေတဆင့် ဝယ်ယူခဲ့ပါတယ်။

သူမ ကွယ်လွန်သွားပြီးနောက်ပိုင်းမှာတော့ သူမရဲ့အမွေဆက်ခံသူတယောက်က ပြင်သစ်အစိုးရကို လှူဒါန်းခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီသင်္ချိုင်းနဲ့ပတ်သက်ပြီး ပြင်သစ်နဲ့ အစ္စရေးနိုင်ငံကြားမှာ ပိုင်ဆိုင်မှု အခုချိန်ထိတိုင် အငြင်းပွားနေကြတာပါ။

ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားတာတွေ ရှိခဲ့ပေမယ့် ပြင်သစ်အာဏာပိုင်တွေက ဆယ်စုနှစ်တခု ကြာပိတ်ထားခဲ့တဲ့ သင်္ချိုင်းကို လူဦးရေ ကန့်သတ်ချက်နဲ့ လည်ပတ်ဖို့ ခွင့်ပြုခဲ့တဲ့အတွက် စိတ်ဝင်စားသူတွေအနေနဲ့ သွားရောက် လည်ပတ်နိုင်တော့မှာ ဖြစ်ပါတယ်။

Ref: jewishpress

You may also like these stories:

ပြင်သစ်နိုင်ငံ Lascaux ဂူမှာ တွေ့ခဲ့တဲ့ ကျောက်ခေတ်လက်ရာ နံရံပန်းချီများ

လူငယ်အများစု သွားကြတဲ့ အင်ဒိုနီးရှားနိုင်ငံက Borobudur နဲ့ Prambanan ဟိန္ဒူဘုရားကျောင်း

Loading