Travel

ကမ္ဘာ့အမွေအနှစ် ၁၃ နေရာကို ၁၂ နာရီနဲ့ အပြီးလည်ပြီး ဂင်းနစ်စံချိန် တင်ခဲ့တဲ့ စုံတွဲ

Want create site? Find Free WordPress Themes and plugins.

သူတို့စုံတွဲက ဟောင်ကောင်မှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ အမျိုးသားကတော့ အသက် ၄၁ နှစ် ရှိပြီဖြစ်တဲ့ Paul Niel ဆိုသူဖြစ်ပြီး သြစတြီးယားနိုင်ငံသားတယောက်ပါ။ သြစတြီးယားနိုင်ငံသား  ဖြစ်ပေမယ့် ၂၀၁၀ ခုနှစ်ကတည်းက ဟောင်ကောင်မှာ နေထိုင်ခဲ့ပါတယ်။

အမျိုးသမီးကတော့ နယ်သာလန်နိုင်ငံကဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်ကတည်းက ဇာတိမြေကို စွန့်ခဲ့ပြီး ဟောင်ကောင်မှာ နေထိုင်ခဲ့ပါတယ်။ သူမ ဟောင်ကောင်မှာ နေထိုင်ခဲ့တာကတော့ ၂၀၁၂ ခုနှစ်ကတည်းကဖြစ်ပြီး သူမနာမည်ကတော့ Esther Roling ပါ။

သူတို့ ၂ ယောက်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က ဟောင်ကောင်မှာတွေ့ခဲ့ကြပြီး ၂၀၁၅ ခုနှစ်မှာတော့ လက်ထပ်ခဲ့ကြပါတယ်။ အခုဆိုရင်တော့ အသက် ၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သမီးလေး Zaya ကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့စုံတွဲဟာ ခရီးထွက်တာကို ဝါသနာပါပြီး ကမ္ဘာတဝှမ်းလုံးကို အတူတူ လည်ပတ်ခဲ့ကြပါတယ်။ Esther ရဲ့ ဇာတိမြေဖြစ်တဲ့ နယ်သာလန်ကို ရောက်တဲ့အခါမှာတော့ အချိန်ကြာကြာနေလေ့ မရှိကြပါဘူး။

နောက်ပိုင်းမှာတော့ သူတို့ ၂ ယောက်ဟာ ထူးခြားချက်တခုကို သွားတွေ့ခဲ့ပါတယ်။ အဲဒီထူးခြားချက်ကတော့ နယ်သာလန်နဲ့ ဘရပ်ဆဲလ်မှာ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာတွေ များပြားလွန်းတဲ့ အချက်ပါ။ ဒါကြောင့်လည်း သူတို့ ၂ ယောက်ဟာ အရင်ရှိပြီးသား စံချိန်တွေကို ချိုးဖောက်ပြီး စံချိန်သစ်တင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အရင်တင်ထားခဲ့တဲ့ စံချိန်ကတော့ ၂၄ နာရီအတွင်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာ ၁၂ နေရာကို သွားလည်နိုင်ခဲ့တဲ့ စံချိန်ပါ။ သူတို့က ၁၂ နာရီတည်းနဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာအတော်များများကို လည်ပတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

“ဘရပ်ဆဲလ်မြို့ဟာ ဘယ်လ်ဂျီယံမှာ ရှိတဲ့မြို့ ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာတွေလည်း များပြားပါတယ်။ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေဟာ သေးငယ်တဲ့ နိုင်ငံလေးတွေ ဖြစ်ပေမယ့် သမိုင်းကြောင်းအရ ခမ်းနားတဲ့နိုင်ငံတွေပါ။ နယ်သာလန်မှာရှိတဲ့ ရှေးဟောင်း အဆောက်အဦတွေကို ပြန်ပြင်ဖို့ အာရုံစိုက်နေကြပါတယ်”လို့ Esther က ပြောပါတယ်။

ဂင်းနစ်စံချိန် သတ်မှတ်ရာမှာ အများပြည်သူ အသုံးပြုတဲ့ ဘတ်စ်ကား၊ ရထားကိုသာ အသုံးပြုပြီး သွားလာလို့ ရပါတယ်။ သူတို့စုံတွဲကလည်း နယ်သာလန်နဲ့ ဘရပ်ဆဲလ်က ကမ္ဘာ့အမွေအနှစ်တွေ ရှိတဲ့ နေရာ ၁၃ နေရာကို အများသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုပြီး ၁၂ နာရီနဲ့ အပြီး လည်ပတ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း အရင်တင်ပြီးသား စံချိန်ကို ချိုးဖောက်နိုင်ခဲ့ပြီး ဂင်းနစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ အရင်ကရှိခဲ့တဲ့ ဂင်းနစ်မှတ်တမ်းဝင် စံချိန်ကတော့ ၁၂ နာရီအတွင်း ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် နေရာ ၇ နေရာကို လည်ပတ်ခဲ့တဲ့ စံချိန်ပါ။ Esther ကတော့ အခုလို အနိုင်ရခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူကြောင်းနဲ့ ဒီခရီးစဉ်ဟာ သူတို့ အတွက် ထူးခြားတဲ့ခရီးပါပဲလို့ ပြောခဲ့ပါတယ်။

Ref: scmp

Did you find apk for android? You can find new Free Android Games and apps.
Loading