ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလာရေး ဦးစီးဌာနအနေနဲ့ ရိုးရာအစားအသောက်တွေနဲ့ နိုင်ငံတကာခရီးသွား တွေကို ဆွဲဆောင်နိုင်ခဲ့ရင် ခရီးသွားလုပ်ငန်းကဏ္ဍက ပိုမိုအောင်မြင်လာနိုင်စရာရှိတယ်လို့ မြင်လာကြပါတယ်။ ဒီလိုမြင်လာရတဲ့အကြောင်းကလည်း နိုင်ငံတကာခရီးသွားတွေအနေနဲ့ ဒေသဆိုင်ရာအစားအသောက်တွေကို ပိုမိုနှစ်ခြိုက်လာကြတဲ့အတွက်ကြောင့်ပါ။
အခုနောက်ပိုင်းကာလတွေမှာ ဒေသဆိုင်ရာ အစားအသောက်တွေကို မြည်းစမ်းကြည့်ချင်တဲ့ ဆန္ဒနဲ့ အနယ်နယ် အရပ်ရပ်ကို သွားရောက်နေကြတဲ့ နိုင်ငံတကာ ခရီးသွား အရေအတွက်ကလည်း ပိုမိုများပြားလာပါတယ်။ ဒါကြောင့်လည်း ဖိလစ်ပိုင်နိုင်ငံက ခရီးသွားအေဂျင်စီတွေအနေနဲ့ Food Tourism ကဏ္ဍ ပိုမိုတိုးတက်လာဖို့ ဆောင်ရွက်နေကြပါတယ်။
Food Tourism ကဏ္ဍတိုးတက်ဖို့ဆိုရင် စားဖိုမှူးကောင်းကောင်းတွေလည်း လိုအပ်ပါတယ်။ စားဖိုမှူးကောင်းကောင်းတွေ ပေါ်ထွက်လာနိုင်ဖို့ကိုလည်း ဖိလစ်ပိုင်နိုင်ငံ ခရီးသွား အေဂျင်စီတွေအနေနဲ့ ဂရုတစိုက် ဆောင်ရွက်နေကြပါတယ်။
စီမံကိန်းတရပ်အနေနဲ့ ဆောင်ရွက်နေတဲ့ ဒီလုပ်ငန်းမှာ ဖိလစ်ပိုင် ရိုးရာအစားအသောက်တွေကို ပြည်ပဈေးကွက်မှာ တင်ပို့ရောင်းချဖို့ကိုလည်း ရည်ရွယ်ထားပါတယ်။ ဒါကြောင့်လည်း ဖိလစ်ပိုင်နိုင်ငံ ခရီးသွား အေဂျင်စီတွေအနေနဲ့ နိုင်ငံတကာက စားဖိုမှူးတွေကို ခေါ်ယူလျက် ရှိနေပါတယ်။
ဒီနေ့ခေတ်ကာလရဲ့ ခရီးသွားလုပ်ငန်းမှာ Food Tourism က အရေးပါတဲ့ လုပ်ငန်းတခု ဖြစ်လာနေပါ တယ်။ ဒါကြောင့်လည်း အစားအသောက်ကောင်းကောင်း ချက်ပြုတ်နိုင်တဲ့ စားဖိုမှူးတွေကလည်း ခရီးသွားလုပ်ငန်းမှာ အရေးပါတဲ့နေရာကို ရောက်ရှိလာကြပါတယ်။
ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကလည်း “အစားအသောက်ဆိုတာ ခရီးသွားအတွေ့ အကြုံတွေထဲမှာ အဓိကကျတဲ့ အစိတ်အပိုင်းတခုဖြစ်တယ်” လို့ ဆိုထားပါတယ်။ နိုင်ငံတကာခရီးသွားတွေအနေနဲ့လည်း ကုန်ကျစရိတ်ရဲ့ ၃ ပုံ ၁ ပုံကို အစားအသောက်အတွက် သုံးလေ့ရှိကြတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့က ဖော်ပြထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အစားအစာ ပွဲတော်တွေကိုလည်း ကျင်းပဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဖိလစ်ပိုင် နိုင်ငံရဲ့ အစားအသောက်တွေက ဒေသ တခုနဲ့တခု မတူညီကြပါဘူး။ ဒီအချက်ကပဲ နိုင်ငံတကာ ခရီးသွားတွေကို ဆွဲဆောင်ဖို့ အကောင်းဆုံးအချက် ဖြစ်နေပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းရဲ့ အတွင်းရေးမှူးဖြစ်တဲ့ Bernadette Romulo-Puyat ကလည်း “ဖိလစ်ပိုင်ရိုးရာ အစားအသောက်တွေဟာ ဖိလစ်ပိုင် ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးဖို့ အကောင်းဆုံးအချက်ပါပဲ”လို့ ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ လွန်ခဲ့တဲ့နှစ်တွေကလည်း Food Tourism နဲ့ နိုင်ငံတကာ ခရီးသွားတွေကို ဆွဲဆောင်ဖို့ ကြိုးစားနေခဲ့တဲ့ နိုင်ငံတနိုင်လည်း ဖြစ်ပါတယ်။
Ref: 12go.asia, travelweekly-asia
You may also like these stories:
ခရီးသွားလုပ်ငန်းမှာ ရေပန်းစားလာတဲ့ Food Tourism
တနှစ်ထက် တနှစ် ဖွံ့ဖြိုးတိုးတက်လာတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း