၂၀၁၉ ခုနှစ် မကြာခင် ကုန်ဆုံးတော့ပါမယ်။ နှစ်တနှစ် ကုန်ဆုံးတော့မှာ ဖြစ်တာနဲ့အမျှ တရုတ်နိုင်ငံကို လာရောက် လည်ပတ်တဲ့ ခရီးသွားအရေအတွက်လည်း ပိုမိုတိုးတက်လာပါတယ်။ တရုတ်နိုင်ငံသားတွေ အနေနဲ့လည်း ကမ္ဘာအရပ်ရပ်ကို ပိုမိုခရီးထွက်လာကြပါတယ်။ အရှေ့တောင်အာရှ ဒေသမှာဆိုရင်လည်း တရုတ်ခရီးသွား ဈေးကွက်က ကြီးမားတဲ့အတိုင်းအတာ ရှိနေပါတယ်။
ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာစတဲ့ အရှေ့တောင်အာရှဒေသတွေကို အများဆုံး လာရောက် လည်ပတ်ကြတာက တရုတ်နိုင်ငံသားတွေပါ။ ၂၀၁၉ ခုနှစ်အတွင်း ဂျပန်နိုင်ငံကို လာရောက်လည်ပတ်တဲ့ တရုတ်ခရီးသွား အရေအတွက်ကလည်း စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။
တနှစ်ထက်တနှစ် ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ တရုတ်ခရီးသွား အရေအတွက်က ၁၃ ဒဿမ ၉ ရာခိုင်နှုန်း တိုးလာနေပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ဂျပန်နိုင်ငံကို လာရောက် လည်ပတ်တဲ့ တရုတ်ခရီးသွား အရေအတွက်က ၈ သန်းကျော် ရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ပထမ ၆ လပတ်အတွင်း တရုတ်နိုင်ငံကို နိုင်ငံတကာ ခရီးသွားများစွာ လာရောက်ခဲ့ကြပါ တယ်။ ဒါကြောင့်လည်း ကြယ်အဆင့် သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံက ဟိုတယ်တွေအနေနဲ့ ဝင်ငွေ ယွမ် ၉၃ ဒဿမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၃ ဘီလီယံ) ရရှိခဲ့တယ်လို့ တရုတ်နိုင်ငံ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခုရရှိခဲ့တဲ့ ဝင်ငွေပမာဏက ၆ လစာ အတွက်သာဖြစ်ပြီး ၂၀၁၉ ခုနှစ် ကုန်သွားရင်တော့ ဒီထက်ပို ရရှိ လာနိုင်ပါတယ်။ အခုရရှိခဲ့တဲ့ ဝင်ငွေတွေထဲမှာ ဟိုတယ်ခန်းတွေ ရောင်းရတဲ့ ဝင်ငွေ ပမာဏက ယွမ် ၄၂ ဘီလီယံကျော် ရှိပြီး အစားအသောက်နဲ့ အဖျော်ယမကာ ရောင်းချလို့ရတဲ့ ဝင်ငွေပမာဏက ယွမ် ၃၈ ဘီလီယံကျော် ရှိပါတယ်။
ဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားချက်အရဆိုရင် တရုတ်နိုင်ငံမှာ ကြယ်အဆင့် သတ်မှတ်ထားတဲ့ ဟိုတယ်ပေါင်းက ၁၀,၂၈၄ လုံး ရှိပါတယ်။ ဒီစာရင်းထဲမှာ ကြယ် ၅ ပွင့် အဆင့်ရှိတဲ့ ဟိုတယ်ပေါင်းက ၈၄၆ လုံးရှိနေပါတယ်။ ဒီစာရင်းဟာ ၂၀၁၉ ခုနှစ် ဇွန်လအထိကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာဆိုရင်တော့ ကြယ်အဆင့် သတ်မှတ်ထားတဲ့ ဟိုတယ်ပမာဏက ပိုမို များပြားလာစရာ ရှိနေပါတယ်။
တရုတ်နိုင်ငံမှာရှိတဲ့ ကြယ် ၁ ပွင့် အဆင့် သတ်မှတ်ထားတဲ့ ဟိုတယ်တွေမှာ တညတာ တည်းခိုစရိတ်က ၃၅၄ ဒဿမ ၆ ယွမ် နီးပါးရှိပါတယ်။ ဈေးနှုန်းပမာဏက တနှစ်ထက်တနှစ် ၂ ဒဿမ ၄၅ ရာခိုင်နှုန်း တိုးလာနေတယ်လို့ ဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြည်နယ် ၉ ခုမှာရှိတဲ့ ကြယ်အဆင့် ဟိုတယ်တွေမှာ ကုန်ကျစရိတ်က တနိုင်ငံလုံးမှာရှိတဲ့ ကြယ်အဆင့်ဟိုတယ်တွေရဲ့ ပျမ်းမျှဈေးနှုန်းထက် ပိုများတာကိုတွေ့ရပါတယ်။ ရှန်ဟိုင်းမှာရှိတဲ့ ကြယ်အဆင့်ဟိုတယ်တွေဟာ တနိုင်ငံလုံးမှာ ဈေးအများဆုံး ဟိုတယ်တွေဖြစ်ပြီး တညတာ တည်းခို နေထိုင်ဖို့အတွက် ၇၄၂ ယွမ် ကုန်ကျပါတယ်။ နောက်ထပ် ဟိုတယ်အခန်းခတွေ ဈေးအကြီးဆုံးကတော့ ဘေကျင်း၊ ဟိုင်နန်နဲ့ ဂွမ်ဒေါင်းမြို့တို့ ဖြစ်ပါတယ်။
Ref: xinhuanet
You may also like these stories:
ထိုင်းနိုင်ငံကို အိန္ဒိယခရီးသွားများ ပိုမို လည်ပတ်လာ
ခရီးသွားလုပ်ငန်းကို ပိုပြီး အာရုံစိုက်လာတဲ့ ဆော်ဒီအာရေဗျနိုင်ငံ
အာရှ ပစိဖိတ်ဒေသက လေကြောင်းလိုင်းများ ခရီးသည်အများဆုံး ပို့ဆောင်ပြေးဆွဲနေရ