ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက် ၊ တနင်္ဂနွေနေ့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ လေယာဉ်ပျက်ကျမှု တခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ် ပါလာတဲ့ခရီးသည်တွေ သေဆုံးခဲ့ကြရသလို တချို့တွေကတော့ မြေပြင်က လူတွေပါ။
ပျက်ကျခဲ့တဲ့ လေယာဉ်ကုမ္ပဏီကတော့ ဒေသခံ ကုမ္ပဏီတခုဖြစ်တဲ့ Busy Bee ကုမ္ပဏီက လေယာဉ်ပါ။ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရရဲ့ပြောဆိုချက်အရ လေယာဉ်ဟာ Kivu ပြည်နယ် မြောက်ပိုင်း၊ Mapendo ခရိုင်အတွင်းက Goma လေဆိပ်အနီးမှာမှာ ပျက်ကျခဲ့တယ်လို့ သိရပါတယ်။
လူနေထိုင်ရာ ရပ်ကွက်အတွင်းကို ပျက်ကျခဲ့တာဖြစ်တဲ့အတွက် လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည်တွေတင်မက ရပ်ကွက်မှာ နေထိုင်တဲ့ လူတွေပါ သေဆုံးခဲ့ရပါတယ်။
သတင်းဌာနတွေရဲ့ ဖော်ပြထားချက်အရ တအိမ်တည်း အတူနေထိုင်နေကြတဲ့ မိသားစုဝင် ၉ ယောက် လည်း လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ လေယာဉ် ပျက်ကျရတဲ့အကြောင်းရင်းကိုတော့ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လေယာဉ်ဟာ ခရီးသည်တင်လေယာဉ် အကြီးစား မဟုတ်ဘဲ လေယာဉ်မှူး ၂ ယောက်နဲ့ ခရီးသည် ၁၇ သာ ပါဝင်ပါတယ်။ လေယာဉ်ပျက်ကျမှုမှာ အသက်ရှင် ကျန်ရစ်သူဆိုလို့ လေယာဉ်မှူး ၁ ယောက်နဲ့ ခရီးသည် ၁ ယောက် စုစုပေါင်း ၂ ယောက်သာ ရှိပါတယ်။ အသက်ရှင် ကျန်ရစ်တဲ့ သူတို့ ၂ ယောက်ကိုတော့ ဒေသဆေးရုံကို ပို့ထားပြီး ဆေးဝါးကုသမှု ခံယူလျက် ရှိပါတယ်။
သေဆုံးမှုနှုန်း မြင့်တက်လာရတဲ့ အကြောင်းကတော့ မြေပြင်ကို လေယာဉ် ပျက်ကျတဲ့အခါ မြေပြင်မှာရှိနေသူတွေလည်း သေဆုံးခဲ့ရတဲ့ အတွက်ကြောင့်ပါပဲ။ လေယာဉ် ပျက်ကျပြီးတဲ့နောက်မှာတော့ နေအိမ်အတော်များများ ပျက်စီးသွားခဲ့ရပြီး လူပေါင်းများစွာကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြရပါတယ်။
လေယာဉ် ပျက်ကျပြီးတဲ့ နောက်မှာတော့ သေဆုံးသူ ၂၉ ယောက်ရဲ့ အလောင်းတွေကို တွေ့ခဲ့ရတယ် လို့ ကွန်ဂိုအစိုးရရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
Goma မြို့က ကယ်ဆယ်ရေး ဝန်ဆောင်မှုတွေကို ဆောင်ရွက်နေတဲ့ ညွှန်ကြားရေးမှူး Joseph Makundi ကလည်း လေယာဉ် ပျက်ကျပြီးတဲ့နောက် ပြိုလဲ ပျက်စီးသွားတဲ့ အဆောက်အဦပျက်တွေကြားကနေ သေဆုံးနေတဲ့လူတွေရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
Ref: breakingtravelnews, aljazeera
You may also like these stories:
အမေရိကန်နှင့် ကနေဒါတို့လည်း ဘိုးအင်း 737 Max ပျံသန်းခွင့်တားမြစ်
လေယာဉ်မှူး မပါတဲ့ မိုးပျံတက္ကစီကို ဗီယင်နာမြို့တွင် စမ်းသပ် ပျံသန်း
အမြင့်ပေပေါင်း ၃၇,၀၀၀ ကျော်၊ လေယာဉ်ပေါ်မှာ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ စုံတွဲ