မှန်တံတားနဲ့ပတ်သက်ရင် လူတွေက တရုတ်နိုင်ငံမှာရှိတဲ့ မှန်တံတားကိုပဲ အသိများကြပါတယ်။ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာရှိတဲ့ မှန်တံတားဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးနဲ့ အရှည်လျားဆုံးမှန် တံတားဖြစ်တယ်ဆိုတာကတော့ အမှန်ပါပဲ။
ဒါပေမယ့် မှန်တံတားဟာ တရုတ်နိုင်ငံတနိုင်ငံတည်းမှာသာ ရှိတာမဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာလည်း မှန်တံတား ၂ စင်း တောင် ရှိနေပါတယ်။ ဒီအချက်ကိုတော့ လူတွေသိပ်မသိကြသေးပါဘူး။
ပထမဆုံးမှန်တံတားကို ဗီယက်နမ်နိုင်ငံက ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ရက်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ပထမဆုံးအကြိမ်ဖွင့်လှစ်ခဲ့တဲ့ မှန်တံတားကတော့ San La ပြည်နယ် ၊ Moc Chau ခရိုင်အတွင်းက Dai Yem ရေတံခွန်မှာ ရှိပါတယ်။ နိုင်ငံတကာခရီးသွားတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ မှန်တံတားပါပဲ။
ဗီယက်နမ်နိုင်ငံမှာ ပထမဆုံးအကြိမ်ဖွင့်လှစ်လိုက်တဲ့ မှန်တံတားရဲ့ အရှည်ကတော့ ၈၀ မီတာ (၂၆၂ ပေ ကျော်) အရှည်ရှိပြီး ၂မီတာ(၆ ပေကျော်) အကျယ်ရှိပါတယ်။ တကြိမ်ကို လူ ၅၀ ကနေ ၇၀ အထိ မှန်တံတားပေါ်ကနေ ဖြတ်လျှောက်နိုင်ပါတယ်။
မှန်တံတားတခုတည်းရဲ့ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ သန်း ကနေ ၁ ဒဿမ ၅ သန်းအကြားမှာ ရှိပါတယ်။ နောက်ထပ် ထပ်မံဆောက်လုပ်ထားတဲ့ အဆောက်အဦတွေရဲ့ ကုန်ကျစရိတ်တွေကိုပါ ထည့်ပေါင်းမယ် ဆိုရင် တော့ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇ သန်းရှိပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ဒုတိယအကြိမ်မြောက်ဖွင့်လှစ်လိုက်တဲ့ မှန်တံတားကတော့ ပင်လယ်ရေမျက်နှာ ပြင်အထက် ၂၂၀၀ မီတာ (ပေ ၇၂၁၇ ကျော်)အမြင့်မှာရှိပြီး ၆၀မီတာ(၁၉၆ ပေကျော်) ရှည်လျားပါ တယ်။ မှန်တံတားရဲ့ အကျယ်ကတော့ ၅မီတာ (၁၆ ပေကျော်) ရှိပြီး မြေပြင်ကနေ ၆၀၀ မီတာ (၁၉၆၈ ပေကျော်) အမြင့်မှာရှိပါတယ်။
တံတားရဲ့အမည်ကိုတော့ Rong May (တိမ်တိုက်နဂါး) လို့အမည်ပေးထားပြီး Lai Chau ပြည်နယ် အတွင်းမှာ ရှိပါတယ်။ မှန်တံတားပတ်ဝန်းကျင်မှာဆိုရင်လည်း နိုင်ငံတကာကလာရောက်ကြတဲ့ ခရီး သွားဧည့်သည်တွေ အဆင်ပြေပြေနေထိုင်နိုင်တဲ့ ဟိုတယ်နဲ့ ဘန်ဂလိုတွေကို ဆောက်လုပ်ပေးထားသလို ရေကူးကန် နဲ့ ဖျော်ဖြေရေးဝန်ဆောင်မှုတွေလည်း ရှိပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေမှာ ဗီယက်နမ်အစိုးရအနေနဲ့ ခရီးသွားလုပ်ငန်းတိုးတက်အောင် ဆောင်ရွက်နေပါတယ်။ မှန်တံတားတွေကလည်း ဗီယက်နမ်နိုင်ငံ ခရီးသွားလုပ်ငန်းရဲ့ အစိတ်အပိုင်း တွေပါပဲ။ ဒုတိယမြောက်မှန် တံတား ကိုတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှာ အများပြည်သူ အသုံးပြုနိုင်ဖို့ ဗီယက်နမ်အစိုးရက ဖွင့်လှစ်ပေးခဲ့ ပါတယ်။ ဒုတိယမြောက်မှန်တံတားရဲ့ ကုန်ကျစရိတ် ကတော့ အမေရိကန်ဒေါ်လာ ၄၃ ဒဿမ ၄ သန်းရှိပါတယ်။
မှန်တံတားဖွင့်လှစ်ပြီးတဲ့နောက်မှာတော့ နိုင်ငံတကာခရီးသွားတွေအကြားမှာ ရေပန်းစားလာခဲ့ပါ တယ်။ ခရီးသွား အများအပြားလည်း လာရောက်လည်ပတ်နေကြပါတယ်။ National Geographic ကလည်း ၂၀၁၉ ခုနှစ်ရဲ့ လည်ပတ်သင့်တဲ့စာရင်းထဲမှာ ဒီမှန်တံတားကို ထိပ်ဆုံးနေရာကထားပြီး ညွှန်းထားပါတယ်။
ဗီယက်နမ်နိုင်ငံကို မြန်မာနိုင်ငံသားတွေလည်း သွားရောက်လည်ပတ်လေ့ရှိကြပါတယ်။ ဒါကြောင့် လည်း ဗီယက်နမ်နိုင်ငံကိုရောက်တဲ့အခါ မှန်တံတား ၂ စင်းရှိရာဒေသကို သွားရောက်လည်ပတ်သင့် ပါတယ်။
Ref:nextshark,vietnamnet