ပိုက်ဆံလိုက်တောင်းနေတဲ့ တရုတ်ခရီးသွား ၄ ယောက်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး
နိုင်ငံတကာကို ခရီးသွားနေကြတဲ့ ခရီးသွားတွေထဲမှာ ပုံစံမျိုးစုံ ရှိကြပါတယ်။ အခုနောက်ပိုင်း ရေပန်း စားလာတဲ့ပုံစံကတော့ ကိုယ့်ဘဝဇာတ်ကြောင်းကို ရင်နာစရာ ဇာတ်လမ်းဖြစ်အောင် ဖန်တီးပြောဆိုပြီး ပိုက်ဆံတောင်းတဲ့ ပုံစံပါ။ ဒီလိုပုံစံမျိုးတွေကို နိုင်ငံတကာ ခရီးသွားနေကြတဲ့ ခရီးသွား ဧည့်သည်တချို့က လုပ်ဆောင်လာနေတာကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာလည်း အများပြည်သူတွေကို ဖန်တီးထားတဲ့ လုပ်ကြံဇာတ်လမ်း တွေ ပြောဆိုပြီး ပိုက်ဆံ လိုက်တောင်းနေတဲ့ တရုတ်ခရီးသွားဧည့်သည် ၄ ယောက်ကို နိုဝင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ဒေသခံ အာဏာပိုင်တွေရဲ့အဆိုအရ သူတို့တွေဟာ တရက်ကို ထိုင်းဘတ် ၂၅၀၀ လောက် ရရှိကြတယ်လို့ ဆိုပါတယ်။
ထိုင်းလူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတွေအနေနဲ့ အသက် ၆၀ အရွယ် ရှိပြီဖြစ်တဲ့ တရုတ်နိုင်ငံသား Duan Yuanbiao ဆိုသူကို ပထမဆုံး ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ရဲ့ထွက်ဆိုချက်အရ လူကီးမီးယားလို့ခေါ်တဲ့ သွေးကင်ဆာခံစားနေရတဲ့ တရုတ်နိုင်ငံက ဇနီးသည်ကို ဆေးဝါကုသဖို့ ငွေလိုအပ်တယ် ဆိုတဲ့ လုပ်ကြံဇာတ်လမ်းနဲ့ ထိုင်းနိုင်ငံမှာ လှည့်ပတ်ပြီး ပိုက်ဆံတောင်းနေခဲ့တယ် လို့ ထွက်ဆိုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံက ဟိုတယ်တခုမှာ တည်းခိုနေကြပြီး Duan နဲ့အတူ ပိုက်ဆံလိုက် တောင်းလေ့ရှိကြတဲ့ တရုတ်နိုင်ငံသား ၃ ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ ၃ ယောက် ကတော့ Pan Wenxinang (၇၆ နှစ်) ၊ Wei (၄၉ နှစ်) နဲ့ Qinyun Peng (၆၀နှစ်) တို့ပါ။
ဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသား ၄ ယောက်စလုံးဟာ နားမကြားသူတွေအဖြစ် ဟန်ဆောင်ပြီး ထိုင်းနိုင်ငံမှာ တောင်းရမ်း စားသောက်နေကြသူတွေလည်း ဖြစ်ပါတယ်။
ထိုင်းလူမျိုးတွေဟာ ကြင်နာလေ့ရှိပြီး လူတွေကို သနားကြင်နာတတ်တဲ့အတွက် သွေးကင်ဆာ ခံစားနေရတဲ့ဇနီးကို ဆေးကုသနိုင်ဖို့ ငွေလိုအပ်တယ်ဆိုတဲ့ လုပ်ကြံဇာတ်လမ်းတခုကို ဖန်တီးခဲ့ကြောင်း Duan က ပြောပါတယ်။ ဒီဇာတ်လမ်းအကြောင်းကိုလည်း ထိုင်းဘာသာနဲ့ အွန်လိုင်းပေါ် တင်ခဲ့သလို ပုံနှိပ်ထုတ်ဝေတာကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။
သူတို့ဟာ ထိုင်းနိုင်ငံရဲ့ Sukhumvit ၊ Khanong ၊ Khao San နဲ့ Chatuchak ဒေသတွေမှာ ၁၀ နာရီ လောက် တောင်းလိုက်ရုံနဲ့ ဘတ် ၂၅၀၀ (မြန်မာငွေ ၁ သိန်းကျော်) လောက် အလွယ်တကူ ရရှိခဲ့ကြပါတယ်။ သူတို့ ၄ ယောက်ဟာ တရုတ်နိုင်ငံ Hubei ပြည်နယ်မှာ နေထိုင်ကြသူတွေဖြစ်ပြီး ရက် ၆၀ ခရီးသွားဗီဇာနဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ခရီးသွားတာကို အကြောင်းပြပြီး ထိုင်းနိုင်ငံမှာ တောင်းရမ်းနေကြသူတွေဆိုရင်လည်း မမှားပါဘူး။
သူတို့ ၄ ယောက်ဟာ ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းကုန်တဲ့အထိ တောင်းရမ်းပြီးတဲ့နောက်မှာတော့ မလေးရှား၊ ဗီယက်နမ် စတဲ့ အရှေ့တောင်အာရှဒေသတွေကို လှည့်လည်ပြီး ပိုက်ဆံလိုက်တောင်းဖို့ စီစဉ်ထားတဲ့အကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး အကြီးအကဲက ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့လည်း ထိုင်းနိုင်ငံမှာ တောင်းရမ်းနေကြတဲ့ တရုတ်ခရီးသွား ၄ ယောက်ကို တောင်ရမ်းမှုနဲ့ တရားစွဲဆိုခဲ့ပြီး ဗီဇာကိုလည်း ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။ တရုတ်ခရီးသွား ၄ ယောက်ဟာ လူတွေရဲ့ သနားကြင်နာတတ်မှုကို အခွင့်အရေးယူပြီး အခုလိုပဲ နိုင်ငံတကာ လှည့်ပြီး ပိုက်ဆံတောင်းဖို့ စီစဉ်ခဲ့ကြပါတယ်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းတုန်းကလည်း ဘန်ကောက်မြို့ရဲ့ လမ်းမတွေပေါ်မှာ ပိုက်ဆံ လိုက်တောင်းနေတဲ့ တရုတ်နိုင်ငံသား ၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။ အဲဒီ ၆ ယောက်မှာ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၂ ယောက် ပါဝင်ပါတယ်။
သူတို့ ၆ ယောက်ကလည်း မနက်ခင်းပိုင်းတွေမှာ ဘန်ကောက်မြို့အနှံ့လျှောက်သွားပြီး ပိုက်ဆံ တောင်းလေ့ရှိကြသလို ညနေခင်ပိုင်းတွေမှာတော့ တည်းခိုရာဟိုတယ်ကို ပြန်လာလေ့ ရှိကြပါတယ်။ သူတို့တွေလည်း ထိုင်းနိုင်ငံကို ခရီးသွားဗီဇာနဲ့ ဝင်ရောက်ခဲ့ကြသူတွေဖြစ်ပြီး အများစုကတော့ ဗီဇာသက်တမ်း ကုန်ဆုံးနေကြပါပြီ။
ဒီလို တောင်းရမ်းတဲ့ အဖြစ်အပျက်မျိုးတွေ မြန်မာနိုင်ငံမှာလည်း ရှိနေတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံက လာရောက်ကြတဲ့ ခရီးသွားဧည့်သည် တချို့ဟာ ဘုရားစေတီတွေအတွက် အလှူခံ ဖြတ်ပိုင်းတွေကို ကိုင်ဆောင်ပြီး လူစည်ကားရာ နေရာတွေမှာ အလှူခံနေတာမျိုး မြန်မာနိုင်ငံမှာလည်း တွေ့နေရပါတယ်။ မြန်မာစကား မပြောတတ်ပေမယ့် အလှူခံဖြတ်ပိုင်းမှာတော့ မြန်မာစာ ရေးသားထားကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဒီလိုကိစ္စမျိုးတွေမှာ သတိ ကြီးကြီးထားသင့်ပါတယ်။
Ref: bangkokpost
You may also like these stories:
နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံဖို့ ခရီးသွားနေကြတဲ့ တရုတ်ခရီးသွားများ
မယဉ်ကျေးသော တရုတ်ခရီးသွားများကြောင့် ဒေသခံများ စိတ်အနှောင့်အယှက်ဖြစ်
ထိုင်းမှာ တရားမဝင် နေထိုင်ပြီး ဧည့်လမ်းညွှန် လုပ်နေတဲ့ တရုတ်အမျိုးသမီး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားစာရင်းမှာ တရုတ်နိုင်ငံက ဦးဆောင်နေ