တညတာ တည်းခိုဖို့ ၁ ဒေါ်လာသာ ကျသင့်မယ့် ဂျပန်နိုင်ငံက ဟိုတယ်
ခရီးသွားတဲ့အခါမှာ ပထမဆုံး စဉ်းစားရတဲ့အချက်က ဟိုတယ်ပါ။ ကိုယ်တည်းခိုမယ့် ဟိုတယ်ဟာ ဈေးနှုန်း ချိုသာရဲ့လား ၊ လုံခြုံစိတ်ချမှု ရှိရဲ့လား ၊ ကိုယ်သွားချင်တဲ့ နေရာတွေနဲ့ နီးရဲ့လား စတဲ့ အချက်တွေကို အရင် စဉ်းစားရပါတယ်။ ပြည်ပထွက်မယ့် ခရီးသွားတွေအတွက် ဒီအချက်တွေက ပိုပြီး အရေးကြီးပါတယ်။
ဂျပန်နိုင်ငံကို သွားရောက်မယ့် နိုင်ငံတကာ ခရီးသွားတွေအတွက်တော့ သတင်းကောင်းတခု ရှိနေပါတယ်။ အဲဒီသတင်းကတော့ ဂျပန်နိုင်ငံ၊ ဖူကူအိုကမြို့မှာရှိတဲ့ Asahi Ryokan ဟိုတယ်ပါ။ အဲဒီ ဟိုတယ်ကို ပိုင်ဆိုင်သူကတော့ အသက် ၂၇ နှစ်သာ ရှိသေးတဲ့ Tetsuya Inoue ဆိုသူပါ။ သူဟာ သူ့အဘွားထံကနေ ဟိုတယ်ကို လက်လွှဲ ယူပြီးနောက်ပိုင်း အခုလို အစီအစဉ်ကို စတင်ခဲ့သူ တယောက်ပါ။
ဟိုတယ်မှာ တည်းခိုမယ့်သူတွေအနေနဲ့ Tetsuya သတ်မှတ်ထားတဲ့ စည်းကမ်းချက်ကို လိုက်နာဖို့တော့ လိုပါတယ်။ အဲဒီစည်းကမ်းချက်ကတော့ ၁ ဒေါ်လာတန် အခန်းမှာ တည်းခို နေထိုင်မယ့်သူတွေရဲ့ ပြုမူလှုပ်ရှားမှုတွေကို YouTube ကနေ တိုက်ရိုက် ထုတ်လွှင့်တာကို သဘောတူရမယ့် စည်းကမ်းပါ။ ဒီစည်းကမ်းချက်ကို လိုက်နာနိုင်သူတွေအနေနဲ့သာ ၁ ဒေါ်လာတန် အခန်းကို ရရှိမှာဖြစ်ပါတယ်။
တိုက်ရိုက် ထုတ်လွှင့်မယ့် အစီအစဉ်မှာတော့ တည်းခိုသူရဲ့ လုံခြုံရေးကို တန်ဖိုးထားတဲ့အနေနဲ့ ရုပ်ကိုသာ တိုက်ရိုက်လွှင့်မှာဖြစ်ပြီး အသံကတော့ ပါမှာ မဟုတ်ပါဘူး။ တည်းခိုသူတွေအနေနဲ့ အခန်း မီးတွေကို ပိတ်ထားနိုင်သလို ရေချိုးခန်းကလည်း ကင်မရာလွတ် ဧရိယာ ဖြစ်ပါတယ်။
Asahi Ryokan ဟိုတယ်ဟာ ပင်လယ်ကမ်းခြေ မြို့တမြို့ ဖြစ်တဲ့ ဖူကူအိုက ပင်လယ်ကမ်းခြေမြို့မှာ တည်ရှိပြီး ပင်လယ်စာ အမျိုးမျိုးကြောင့် နာမည်ကြီးတဲ့ နေရာ တနေရာပါ။ ဒါကြောင့်လည်း ဂျပန်နိုင်ငံကို ဘတ်ဂျက်နည်းနည်းနဲ့ ခရီးထွက်မယ့်လူတွေအနေနဲ့ ၁ ဒေါ်လာတန် ဟိုတယ်မှာ သွားရောက် တည်းခိုသင့်ပါတယ်။
အခုလို ၁ ဒေါ်လာတန် အခန်းမှာ လာရောက် တည်းခိုသူတွေရဲ့ ပြုမူလှုပ်ရှားမှုတွေကို YouTube ကနေ တိုက်ရိုက် ထုတ်လွှင့်မယ့် အကြံအစည်ကို ဗြိတိန် နိုင်ငံသားတယောက်ဆီက ရရှိခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ်မှာ လာရောက် တည်းခိုသွားတဲ့ ဗြိတိန်နိုင်ငံသားတယောက်ဟာ တနေ့တာ ပြုမူလှုပ်ရှားမှုတွေအားလုံးကို YouTube ကနေ တိုက်ရိုက်လွှင့်ခဲ့ပါတယ်။
ဒါကြောင့်လည်း သူ့ ဟိုတယ်အခန်းမှာ တည်းခိုသူတွေရဲ့ ပြုမူလှုပ်ရှားမှုတွေကို YouTube ကနေ တိုက်ရိုက်လွှင့်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒါကြောင့် Tetsuya အနေနဲ့ ဟိုတယ်အခန်းခ ဈေးနှုန်းကို ၁ ဒေါ်လာလို့ ပြောင်းလဲ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
Ref: traveldailymedia, hypebeast
You may also like these stories:
အသက် ၁၀၀ နဲ့ အထက် လူပေါင်း ၇ သောင်းကျော် ရှိနေတဲ့ ဂျပန်နိုင်ငံ
၂၀၂၀ ခုနှစ်အတွင်း ဂျပန်နိုင်ငံကို ခရီးသွား သန်း ၄၀ လာရောက်ဖို့ ဂျပန်အစိုးရ မျှော်လင့်
ဖူကူရှီးမားက ရေဒီယိုသတ္တိကြွ ရေတွေကို ပစိဖိတ်သမုဒ္ဒရာထဲ စွန့်ပစ်ဖို့ ကြံရွယ်နေတဲ့ ဂျပန်နိုင်ငံ