အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ထိုင်းနဲ့ မလေးရှားပြီးရင် ဗီယက်နမ်နိုင်ငံကို နိုင်ငံတကာခရီးသွား တွေ ပိုမိုသွားရောက် လည်ပတ်လေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း ဗီယက်နမ်နိုင်ငံရဲ့ ခရီးသွားလာ ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွားပေါင်း ၁၈ သန်းကျော် လာရောက် လည်ပတ်ကြဖို့ မျှော်လင့်ထားပါတယ်။
၂၁ ရာစု နောက်ပိုင်းကာလတွေမှာ ဗီယက်နမ် နိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းမှာ အောင်မြင်မှု ရရှိဖို့ ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း မှန်တံတား ၂ စင်းအပါအဝင် အခြား အထင်ကရ နေရာတွေကို ဗီယက်နမ်နိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်လာကြပါတယ်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအထိ ၁၁ လတာ ကာလအတွင်း ဗီယက်နမ်နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်က ၁၆ သန်းကျော် ရှိခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းစစ်ရုံးရဲ့ အစီရင်ခံစာအရဆိုရင် ၁၅ ဒဿမ ၃ ရာခိုင်နှုန်း တိုးလာတယ်လို့ ဆိုပါတယ်။
ဗီယက်နမ်နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွား ၈၀ ရာခိုင်နှုန်းကတော့ လေကြောင်းခရီးစဉ်တွေကနေ လာရောက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံကို အများဆုံး လာရောက် လည်ပတ်ကြတာကတော့ အာရှနိုင်ငံသားတွေဖြစ်ပြီး ၁၃ သန်း ဝန်းကျင် ရှိပါတယ်။
အဓိက လာရောက် လည်ပတ်တာကတော့ အရှေ့တောင်အာရှ ခရီးသွားဈေးကွက်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ် နိုင်ငံသားတွေပါ။ ၁၁ လတာ ကာလအတွင်း ဗီယက်နမ်နိုင်ငံကို တရုတ်ခရီးသွား ၅ သန်းကျော် လာရောက် လည်ပတ်ခဲ့ကြပြီး ခရီးသွားစုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်း ရှိပါတယ်။
ဒုတိယအများဆုံး လာရောက် လည်ပတ်ကြတာကတော့ တောင်ကိုရီးယားနိုင်ငံသားတွေပါ။ တောင်ကိုရီးယားနိုင်ငံဟာ ဂျပန်နဲ့ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နေတဲ့အတွက် ဂျပန်နိုင်ငံကို သွားရောက်မှုနှုန်း ကျဆင်းသွားပြီး အရှေ့တောင်အာရှ ဒေသတွေကို ပိုမိုလာရောက် လည်ပတ်လာကြပါတယ်။
ဗီယက်နမ် ခရီးသွားဈေးကွက်မှာ တတိယနေရာ ယူထားတာကတော့ ထိုင်းနိုင်ငံဖြစ်ပြီး ထိုင်ဝမ်နိုင်ငံ ကတော့ စတုတ္ထနေရာမှာ ရှိနေပါတယ်။ ဗီယက်နမ်နိုင်ငံအတွက်တော့ ဒီဇင်ဘာ တလလုံးဟာ ခရီးသွားရာသီပါ။ ဒီဇင်ဘာလရောက်ရင် ခရီးသွားအများအပြား ဗီယက်နမ်နိုင်ငံကို လာရောက် လည်ပတ်လေ့ရှိကြပါတယ်။ ဒါကြောင့်လည်း ဗီယက်နမ်နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနအနေနဲ့ ခရီးသွား ၁၈ သန်း လာရောက် လည်ပတ်မယ်ဆိုတဲ့ မူလရည်မှန်းချက်နဲ့ ကိုက်ညီဖို့ ပိုမိုနီးကပ်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်ကစလို့ ဗီယက်နမ်နိုင်ငံကို နိုင်ငံတကာ ခရီးသွားတွေ ပိုမိုလာရောက် လည်ပတ်ခဲ့ကြပါ တယ်။ တခဏတာ အားလပ်ရက်တွေမှာ ဗီယက်နမ်နိုင်ငံကို လာရောက် လည်ပတ်ချင်တဲ့ နိုင်ငံတကာ ခရီးသွားတွေနဲ့ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေအတွက်လည်း အွန်လိုင်းဗီဇာ လျှောက်ထားနိုင်တဲ့စနစ်ကို ဗီယက်နမ်နိုင်ငံက ကြေညာခဲ့ပါသေးတယ်။
Ref: e.vnexpress.net
ဗီယက်နမ်နိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ ဒုတိယမြောက်မှန်တံတား
မြန်မာတွေ အတုယူသင့်တဲ့ ဗီယက်နမ်နိုင်ငံက Farm Tourism
ဗီယက်နမ် လူမှုမီဒီယာ ကွန်ရက်များ Facebook ကို စိန်ခေါ်