မကြာခင် အချိန်အတွင်းမှာ ၂၀၁၉ ခုနှစ် ကုန်ဆုံးလို့ ၂၀၂၀ ကို ရောက်လာပါတော့မယ်။ ဒီဇင်ဘာလ ဟာ ချမ်းအေးတဲ့ လတလဖြစ်သလို ခရစ်စမတ်၊ နှစ်သစ်ကူး စတဲ့ ပျော်ပွဲတွေနဲ့ ပြည့်နှက်နေတဲ့လလည်း ဖြစ်နေပါသေးတယ်။ ဒါကြောင့် ဒီဇင်ဘာလအတွင်းမှာဆို ခရစ်စမတ် ဈေးရောင်းပွဲတော်တွေ၊ နှစ်သစ်ကူး ကြိုဆိုပွဲတွေနဲ့ လူတွေ ပျော်ရွှင်နေကြမှာပါ။
ဒါကြောင့် ဒီဇင်ဘာလဟာ တခြားလတွေထက် ပိုပြီး မြူးမြူးကြွကြွ ရှိနေတတ်ပါတယ်။ တချို့ကလည်း ဒီဇင်ဘာလမှာ ခရီးထွက်ဖို့ ပြင်ဆင်ကောင်း ပြင်ဆင်နေကြပါလိမ့်မယ်။ ဒီဇင်ဘာလမှာ ခရီးထွက်ကြမယ်ဆို ဘယ်ဒေသတွေကို သွားရင် ပိုပြီး ပျော်ရွှင်ဖွယ် ကောင်းလိမ့်မလဲလို့ စဉ်းစားကောင်း စဉ်းစားနေကြပါလိမ့်မယ်။ ဒါကြောင့် ဒီဇင်ဘာလမှာ ခရီးသွားသင့်တဲ့ ဒေသတချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) ဂျပန်နိုင်ငံ
မကြာသေးတဲ့ နှစ်တွေအတွင်း ဂျပန်နိုင်ငံဟာ နှင်းလျှော စီးသူတွေအတွက် အထင်ကရနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ခရီးသွားအများစုကတော့ ဂျပန်နိုင်ငံကို နွေဦး (သို့မဟုတ်) ဆောင်းဦး အချိန်တွေမှာ ပိုပြီး လာရောက် လည်ပတ်လေ့ ရှိကြပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကစလို့ ဂျပန်နိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်က တဖြည်းဖြည်းချင်း တိုးလာခဲ့ပါတယ်။
ဒီလို တိုးလာခဲ့ရတဲ့ အကြောင်းကလည်း ဂျပန်နိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ ဆောင်းရာသီ အားကစားပွဲတော်တွေကြောင့်ပါ။ ဆောင်းရာသီမှာ အဓိက ကျင်းပတာကတော့ နှင်းလျှောစီးပြိုင်ပွဲပါ။ ဒီပြိုင်ပွဲကိုတော့ နိုင်ငံတကာ အသီးသီးက အားကစားသမားတွေ လာရောက် ယှဉ်ပြိုင်လေ့ ရှိကြပါတယ်။
ဒါကြောင့်လည်း ဒီဇင်ဘာလအတွင်း ဂျပန်နိုင်ငံကို အလည်သွားမယ်ဆိုရင် နှင်းလျှောစီးပြိုင်ပွဲတွေနဲ့ ကြုံတွေ့ရမှာပါ။ နှင်းလျှောစီးပြိုင်ပွဲဟာ စိတ်လှုပ်ရှားဖို့ ကောင်းသလို ပျော်ရွှင်မှုကို ပေးတဲ့ ပြိုင်ပွဲတခုပါ။ ဒါကြောင့် ဒီဇင်ဘာလမှာ ခရီးထွက်ဖို့ စိတ်ကူးထားသူတွေနဲ့အနေနဲ့ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်သင့်ပါတယ်။
(၂) ဘန်ကောက်မြို့
ဒီနေ့ခေတ် ကာလမှာ မြန်မာနိုင်ငံသားတွေအနေနဲ့ ဘန်ကောက်မြို့ကို အလည်သွားဖို့ဆိုတာ သိပ်ခဲယဉ်းတဲ့ ကိစ္စတခုတော့ မဟုတ်တော့ပါဘူး။ ဘန်ကောက်မြို့ဟာ တခြားအချိန်တွေမှာ ပူပြင်းတဲ့ ရာသီဥတု အခြေအနေ မျိုးရှိပေမယ့် ဒီဇင်ဘာလကတော့ နေလို့ကောင်းတဲ့ ရာသီဥတုပါ။ ဒါကြောင့် လည်း ဒီဇင်ဘာလမှာ ခရီးထွက်ဖို့ စဉ်းစားနေသူတွေအနေနဲ့ ဒီဇင်ဘာလဟာ ဘန်ကောက်မြို့ကို လည်ပတ်ဖို့ အကောင်းဆုံးအချိန်ဆိုတာ သိထားသင့်ပါတယ်။
ဘန်ကောက်မြို့ရဲ့ ဒီဇင်ဘာလဟာ တခြားလတွေထက် ခရီးသွားဧည့်သည် ပိုများလေ့ ရှိတတ်ပါတယ်။ ခရီးသွားဧည့်သည် များပေမယ့်လည်း ကြယ် ၄ ပွင့် အဆင့်ရှိတဲ့ ဟိုတယ်ကြီးတွေမှာ အခန်းကောင်းကောင်းတွေကိုတော့ ရနိုင်ပါသေးတယ်။
ကြယ် ၄ ပွင့် အဆင့်ရှိတဲ့ ဟိုတယ်တွေမှာ တည်းခိုစရိတ်အဖြစ် လူ ၂ ယောက်ကို အမေရိကန်ဒေါ်လာ ၇၃ ဒေါ်လာ ဝန်းကျင် ကျသင့်နိုင်ပြီး ကြယ် ၃ ပွင့် အဆင့်ရှိတဲ့ ဟိုတယ်တွေမှာတော့ လူ ၂ ယောက်ကို ၅၈ ဒေါ်လာ ဝန်းကျင် ကျသင့်နိုင်ပါတယ်။
(၃) ဟနွိုင်းမြို့
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရဲ့ ဒီဇင်ဘာလအတွင်း အမြင့်ဆုံးပျမ်းမျှအပူချိန်က ၂၂ ဒီဂရီစင်တီဂရိတ် ရှိ ပြီး အနိမ့်ဆုံး ပျမ်းမျှအပူချိန်ကတော့ ၁၆ ဒီဂရီစင်တီဂရိတ် ရှိပါတယ်။ ဒီဇင်ဘာလမှာ ဟနွိုင်းမြို့ကို အလည်သွားမယ်ဆိုရင်တော့ အနွေးထည် ယူဆောင်သွားသင့်ပါတယ်။
ဟနွိုင်းမြို့ဟာ အရှေ့တောင် အာရှမှာ စိတ်ဝင်စားဖို့ကောင်းသလို ထူးခြားတဲ့ မြို့တမြို့ပါ။ ဗီယက်နမ် တနိုင်ငံလုံးရဲ့ အစားအသောက်တွေကလည်း ရိုးရာအစားသောက်တွေကို ပြင်သစ် အစားအသောက်တွေနဲ့ ပေါင်းစပ်ထားပါတယ်။ နောက်ထပ် ထူးခြားတဲ့ အချက်ကတော့ ဟနွိုင်းမြို့ဟာ နိုင်ငံတကာခရီးသွားတွေအတွက် ဈေးချိုသာတဲ့ မြို့တော်ဖြစ်နေတဲ့ အချက်ပါပဲ။ ဒေါ်လာ ၂၀ လောက် ရှိရင်ပဲ ဟိုတယ်တွေ မှာ ဇိမ်ကျကျ တည်းခိုနေနိုင်ပါတယ်။
(၄) ဒေလီမြို့
ဒီဇင်ဘာလအတွင်း ဒေလီမြို့ရဲ့ အမြင့်ဆုံး ပျမ်းမျှအပူချိန်က ၂၃ ဒီဂရီစင်တီဂရိတ် ရှိပြီး အနိမ့်ဆုံးပျမ်းမျှ အပူချိန် ကတော့ ၇ ဒီဂရီစင်တီဂရိတ် ရှိပါတယ်။ ဒေလီမြို့ကို လာရောက်ကြတဲ့ ခရီးသွားအများစုကတော့ Agra မြို့မှာရှိတဲ့ တာ့ချ်မဟာကို သွားဖို့ လာရောက်ကြတာဖြစ်ပေမယ့် ဒေလီမြို့မှာလည်း လည်ပတ်စရာတွေရှိနေပါသေးတယ်။
ဒေလီမြို့ရဲ့ ဟိုတယ်တွေကတော့ ကမ္ဘာပေါ်မှာ ဈေးနှုန်းအချို သာဆုံးပါပဲ။ ၂၀၁၉ ခုနှစ်အတွက် ဈေးနှုန်း အချိုသာဆုံး မြို့တွေကို အဆင့်သတ်မှတ်ရာမှာ ဒေလီမြို့ က နံပါတ် ၁ နေရာ ရရှိခဲ့ပါတယ်။
ကြယ် ၄ ပွင့်အဆင့်ဟိုတယ်တွေမှာ လူ ၂ ယောက်တည်းခိုဖို့ ကုန် ကျစရိတ်က ၇၁ ဒေါ်လာဝန်းကျင်ရှိပြီး ကြယ် ၃ ပွင့် ဟိုတယ်တွေမှာတော့ လူ ၂ ယောက်ကို ၃၄ ဒေါ် လာသာကျသင့်ပါတယ်။ ဒါကြောင့်လည်း ဒီဇင်ဘာလမှာ ခရီးထွက်ဖို့ စဉ်းစားထားသူတွေအနေနဲ့ ဈေးနှုန်းချိုသာတဲ့ အိန္ဒိယနိုင်ငံ ၊ ဒေလီမြို့ကို သွားရောက်လည်ပတ်သင့်ပါတယ်။
Ref: kiwi, priceoftravel