အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းမှာ အောင်မြင်နေတဲ့ နိုင်ငံတနိုင်ငံပါ။ ထိုင်းလူမျိုးတွေဟာ ကိုယ့်နိုင်ငံအတွင်းမှာရှိတဲ့ သာမန် နေရာတွေကိုတောင် ကမ္ဘာလှည့် ခရီးသည်တွေ စိတ်ဝင်စားလာအောင် ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့လှည့်ခရီးသည်တွေဟာ အရှေ့တောင်အာရှ နိုင်ငံတွေကို လည်ပတ်တော့မယ့်ဆိုရင် ထိုင်းနိုင်ငံကို ဦးစားပေး လည်ပတ်ကြပါတယ်။
၂၀၁၉ ခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံး လာရောက် လည်ပတ်တဲ့ မြို့စာရင်းမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က နံပါတ် ၁ နေရာ ရှိခဲ့ပါတယ်။ ဥရောပရဲ့ နာမည်ကြီးမြို့တော်ဖြစ်တဲ့ ပဲရစ်မြို့တော်ဟာ ဘန်ကောက်မြို့ရဲ့ အောက်ကို ရောက်သွားခဲ့ပါတယ်။
အခုလည်း ထိုင်းနိုင်ငံ Kumphawapee ခရိုင်၊ Udon Thani ပြည်နယ် မြို့တော်မှာ ရှိတဲ့ ကြာနီကန်ကို ထိုင်းလူမျိုးတွေတင်မက ရာပေါင်းများစွာသော ကမ္ဘာလှည့် ခရီးသွားတွေပါ လာရောက် နေကြပါတယ်။
ကြာပန်းနီနီတွေဟာ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာသာ အစွမ်းကုန် ပေါက်ရောက်လေ့ ရှိပါတယ်။ တနှစ်နေမှ ၂ လလောက်သာ တွေ့မြင်ခွင့်ရတာဖြစ်တဲ့အတွက်ကြောင့်လည်း အခုလို လူပေါင်းများစွာ လာရောက် လည်ပတ်နေကြတာပါပဲ။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ကြာနီကန်ကို Nong Han ကန်လို့ ခေါ်ကြပါတယ်။ ၁၂၅ ဒဿမ ၂ ကီလိုမီတာ အကျယ်အဝန်းရှိပြီး ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာတော့ ကြီးမားတဲ့ သဘာဝ ရေကန်တကန်ပါ။ ဒီရေကန်ကိုအမှီပြုပြီး ရွာပေါင်း ၆၀ ဝန်းကျင် အသက်မွေးဝမ်းကြောင်း ပြုနေကြပါတယ်။
ကြာနီကန်ကို လည်ပတ်ချင်သူတွေအနေနဲ့ကတော့ ဒေသခံရွာသားတွေ့ရဲ့ လှေစီးပြီး ကြာနီကန် အတွင်း လှည့်လည် ကြည့်ရှုနိုင်သလို ကြာပန်းနီနီတွေကို အနီးကပ်ဓာတ်ပုံ ရိုက်နိုင်ပါတယ်။
ခရီးသွားရာသီ ရောက်လာချိန်မှာတော့ ကြာနီကန်ဟာ ဒေသခံရွာသားတွေအတွက် အရေးကြီးတဲ့အစိတ် အပိုင်းတခု ဖြစ်လာပါတယ်။ ထောင်ချီတဲ့ ခရီးသွား ဧည့်သည်တွေအတွက်ဆိုရင်တော့ ဒေသခံတွေရဲ့ သယ်ယူပို့ဆောင်ရေးကိုပဲ အားကိုးအားထား ပြုရလေ့ ရှိပါတယ်။
တခြားပန်းတွေ မပေါက်ဘဲ အနီရောင် ကြာပန်း တမျိုးသာ ပေါက်လေ့ရှိတဲ့အတွက် ကမ္ဘာ့အထူးခြား ဆုံးရေကန်စာရင်းမှာ နံပါတ် ၂ အထူးခြားဆုံးရေကန်အဖြစ် CNN သတင်းဌာနက မှတ်တမ်းတင်ထားခဲ့ပါတယ်။
Ref: thestar
You may also like these stories:
ထိုင်းနိုင်ငံက ရေတံခွန်မှာ Selfie ရိုက်ဖို့ ကြိုးစားရင်း သေဆုံးသွားတဲ့ ပြင်သစ်နိုင်ငံသား
ထိုင်းနိုင်ငံမှာ ကျည်ဆန်ရထား ပြေးဆွဲနိုင်တော့မည်
ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားစာရင်းမှာ တရုတ်နိုင်ငံက ဦးဆောင်နေ