မကြာခင်အချိန်အတွင်း ခရစ်စမတ်ကို ရောက်ပါတော့မယ်။ ခရစ်စမတ်ပွဲတော်ကိုတော့ တကမ္ဘာလုံး ကလူတွေ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲလေ့ ရှိကြပါတယ်။ ၂၁ ရာစု အစောပိုင်းကာလအထိ ခရစ်ယာန် ဘာသာကို သက်ဝင် ယုံကြည်သူပေါင်းက သန်းထောင်ပေါင်း ၂ ဒဿမ ၂ ဝန်းကျင်ခန့် ရှိပါတယ်။
ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်သူတွေအတွက် ခရစ်တော် ဖွားမြင်ရာ ဗက်သလင်ဟမ် (Bethlehem) မြို့တော်ကို သွားရောက် လည်ပတ်နိုင်မယ့် အခွင့်အရေးဟာ ကြီးမားတဲ့ စိတ်ကူး တခုပါ။
ဗက်သလင်ဟမ်ခရီးစဉ်ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် အထင်ကရ ခရီးစဉ်တခုလည်း ဖြစ်နေပါတယ်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်မယ့် ခရစ်စမတ် ပွဲတော်အတွက် ဗက်သလင်ဟမ်မြို့တော်မှာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါပြီ။
ပါလက်စတိုင်း အနောက်ဘက် ကမ်းခြေမှာတည်ရှိတဲ့ ဗက်သလင်ဟမ်မြို့တော်ဟာ ဂျေရုစလင်မြို့ တော်နဲ့ ၁၀ ကီလိုမီတာ (၆ မိုင်ကျော်) ကွာဝေးပြီး လူဦးရေ ၂ သိန်းခွဲ ဝန်းကျင်သာ ရှိတဲ့ မြို့ငယ်လေး တမြို့ပါ။ မြို့ငယ်လေး တမြို့သာ ဖြစ်ပေမယ့်လည်း ကမ္ဘာအနှံ့က ဘုရားဖူး ဧည့်သည်တွေဟာ ခရစ်စမတ်ရောက်ဖို့ အချိန်နီးကပ်လာပြီဆိုတာနဲ့ ဗက်သလင်ဟမ်မြို့တော်ကို စုပြုံ ရောက်ရှိလာလေ့ ရှိပါတယ်။
ဗက်သလင်ဟမ် မြို့သားတွေအနေနဲ့ ၂၀၁၉ ခုနှစ်မှာ ကျရောက်မယ့် ခရစ်စမတ်ပွဲတော်ကို ဆယ်စုနှစ် ၂ ခုအတွင်း အကြီးကျယ်ဆုံးဖြစ်အောင် ကျင်းပဖို့ ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘာအရပ်ရပ်က ခရစ်ဘာသာဝင်တွေဟာ ဗက်သလင်ဟမ်မြို့သားတွေ အကြီးကျယ်ဆုံးအနေနဲ့ ကျင်းပမယ့် ခရစ်စမတ်ပွဲတော်ကို ဆင်နွှဲဖို့ ဗက်သလင်ဟမ်မြို့တော်ကို ရောက်ရှိနေကြခြင်းပါ။
Alexander ဟိုတယ်ရဲ့ မန်နေဂျာဖြစ်တဲ့ Joey Canavati က “ခရစ်စမတ် နီးလာတာနဲ့အမျှ ဟိုတယ်ခန်းတွေက လူအပြည့်ပါပဲ။ ဒါကြောင့်လည်း ၂၀၂၀ မတ်လလောက် ရောက်ရင်တော့ ဟိုတယ်ရဲ့ လွတ်နေတဲ့မြေနေရာမှာ နောက်ထပ် အခန်းပေါင်း ၅၀ ထပ်မံ ဆောက်လုပ်သွားဖို့ ရည်ရွယ်ထားတယ်”လို့ ပြောပါတယ်။
ကမ္ဘာအရပ်ရပ်က လာရောက်ကြတဲ့ ခရစ်ယာန်ဘာသာဝင်တွေအတွက်လည်း ဘုရားရှိခိုးကျောင်း တွေ သတ်မှတ်အချိန်ထက် ကျော်လွန်ပြီး ဘုရားဝတ်ပြုခွင့် ပေးထားပါတယ်။ မနှစ်ကတော့ ခရစ်စမတ်အချိန်ကာလအတွင်း ဗက်သလင်ဟမ်မြို့တော်ကို ခရီးသွားဧည့်သည်ပေါင်း ၁ ဒဿမ ၅ သန်း လာရောက်ခဲ့ပြီး ဒီနှစ်မှာတော့ ပိုမိုလာရောက်နိုင်ဖွယ် ရှိပါတယ်။
Ref: sg.news
You may also like these stories:
ဇန်နဝါရီ ၇ ရက်နေ့မှာကျင်းပတဲ့ အီသီယိုးပီးယားနိုင်ငံရဲ့ ခရစ်စမတ်ပွဲတော်
အာဂျင်တီးနားမှာ ခရစ်စမတ်ကို ဘယ်လိုကျင်းပကြသလဲ
အာရှနိုင်ငံတွေမှာ ခရစ္စမတ်ပွဲတော်ကို ဘယ်လို ဆင်နွှဲကြလဲ