၂၀၁၉ ခုနှစ်အတွက် နောက်ဆုံးထုတ်ပြန်ထားတဲ့ စစ်တမ်းတွေအရ ဆွစ်ဇာလန်နိုင်ငံဟာ ကမ္ဘာပေါ် မှာ အလုံခြုံဆုံးနဲ့ ဘေးရန်အကင်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ၂၀၁၉ ခုနှစ် ကုန်ဆုံးပြီးလို့ ၂၀၂၀ ခုနှစ်ထဲ ရောက်လာတဲ့အချိန်မှာ ခရီးသွားဖို့ စိတ်ကူးထားသူတွေအတွက် ဆွစ်ဇာလန်နိုင်ငံကို သွားရောက် လည်ပတ်ကြဖို့ စစ်တမ်းထုတ်ပြန်ထားသူတွေက အကြံပေးထားပါတယ်။ဆွစ်ဇာလန်နိုင်ငံဟာ ဥရောပတိုက် အလယ်ဗဟိုမှာတည်ရှိပြီး တောင်ပတ်လည် ဝန်းရံနေတဲ့ သမ္မတနိုင်ငံဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံကို ဝန်းရံထားတဲ့ နိုင်ငံတွေကတော့ ဂျာမနီ၊ ပြင်သစ်၊ အီတလီနဲ့ သြစတြီးယားနိုင်ငံတွေပါ။
စစ်တမ်းကောက်ယူသူတွေဟာ နိုင်ငံအတွင်း ရောဂါဖြစ်ပွားမှုနှုန်း၊ နိုင်ငံရေးငြိမ်သက်မှု၊ သယ်ယူပို့ ဆောင်ရေး ယာဉ်ရထားများ ဘေးအန္တရာယ်ကင်းကင်း သွားလာနိုင်မှုစတဲ့ အချက်တွေကို အခြေခံပြီး နိုင်ငံတနိုင်ငံရဲ့ လုံခြုံမှုအဆင့်ကို သတ်မှတ်ခဲ့ကြပါတယ်။ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီနေတဲ့အတွက် ဆွစ်ဇာလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘေးရန်အကင်းဆုံး နိုင်ငံအဖြစ် ရပ်တည် နေနိုင်ခဲ့တာပါ။
InterNations Website ရဲ့ ဖော်ပြချက်အရ ဆွစ်ဇာလန်နိုင်ငံမှာ နေထိုင်ကြသူတွေရဲ့ လူမှုဘဝဟာ တခြားနိုင်ငံတွေထက် ပိုမိုကောင်းမွန်ရုံသာမက နေ့စဉ်ဘဝကိုလည်း ဘေးအန္တရာယ် ကင်းကင်းနဲ့ ဖြတ်သန်းနိုင်သလို နိုင်ငံတကာက လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေ အနေနဲ့လည်း ဘေးအန္တရာယ် ကင်းကင်းနဲ့ ဆွစ်ဇာလန်နိုင်ငံအတွင်း လည်ပတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို လစဉ်ထုတ်ပြန်ပေးနေတဲ့ Global Finance မဂ္ဂဇင်းကလည်း နိုင်ငံပေါင်း ၁၂၈ နိုင်ငံကို သုတေသန ပြုလုပ်ခဲ့ရာမှာ ဆွစ်ဇာလန်နိုင်ငံဟာ ကမ္ဘာ့ အလုံခြုံဆုံးနိုင်ငံဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ Global Finance မဂ္ဂဇင်းကတော့ နိုင်ငံတနိုင်ငံရဲ့ ရာဇဝတ်မှု၊ အကြမ်းဖက်ဝါဒ၊ စစ်ပွဲဖြစ်ပွားမှု ပမာဏ စတဲ့အချက်တွေမှာ အခြေခံပြီး နိုင်ငံတနိုင်ငံရဲ့ လုံခြုံမှု အဆင့်အတန်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Encyclopedia ရဲ့ ဖော်ပြချက်မှာဆိုရင်လည်း ဆွစ်ဇာလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇဝတ်ပြစ်မှု ဖြစ်ပွားမှုနှုန်း အနည်းဆုံးနိုင်ငံဖြစ်ပြီး ခရီးသွားတွေနဲ့ နိုင်ငံသားတွေရဲ့ဘဝတွေကလည်း လုံခြုံမှု အရှိဆုံး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သုတေသနသမားတွေ၊ Website တွေ၊ မဂ္ဂဇင်းတွေရဲ့ဖော်ပြချက်တွေအရ လက်ရှိမှာတော့ ဆွစ်ဇာလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘေးရန်အကင်းဆုံး နိုင်ငံအဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။
Ref: thelocal.ch