နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်တွေကို ဆင်နွှဲကြတဲ့အခါ ပျော်စရာကောင်းတဲ့ ဒေသတွေကို ရွေးချယ်လေ့ရှိတတ်ကြပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ဒေသဟာ ကိုယ့်ဒေသ ဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မယ်။ ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ဆိုတာ တနှစ်မှာ တခါသာ ကြုံရတဲ့အတွက် ခရီးသွားတွေအနေနဲ့ ပျော်လို့ကောင်းတဲ့ ဒေသတွေကို ရွေးချယ်တတ်ကြပါတယ်။
အရှေ့တောင်အာရှဒေသတွေကို ရွေးချယ်ကြတဲ့အခါ ထိုင်းနိုင်ငံကိုသာ များသောအားဖြင့် ရွေးချယ် တတ်ကြပါတယ်။ ခရီးသွားတွေအတွက်တော့ ထိုင်းနိုင်ငံဟာ အခုချိန်ထိ ပျော်စရာကောင်းတဲ့အရပ် ဖြစ်နေတုန်းပါပဲ။
လူတွေကတော့ ထိုင်းနိုင်ငံ၊ ပတ္တရားကမ်းခြေမြို့ကို “ကမ္ဘာ့လိင်မြို့တော်” အဖြစ် သတ်မှတ်ထားကြပါတယ်။ ထိုင်းနိုင်ငံဟာ လိင်လုပ်ငန်းတွေကနေ ဝင်ငွေအများအပြား ရရှိနေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းမှာ Sex Tourism ဆိုတဲ့ ဝေါဟာရ ပေါ်ပေါက်လာရတာပါ။
၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက် ၁၃ သန်းလောက်ဟာ ပတ္တရားကမ်းခြေကို လာရောက်ခဲ့ကြတဲ့သူတွေဖြစ်ပြီး အများစုကတော့ လိင်ကိစ္စပျော်ပါးချင်တဲ့အတွက် ရောက်လာကြသူတွေ ဖြစ်ကြပါတယ်။
ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေများစွာ ရရှိနေတဲ့အတွက် လိင်ကိစ္စတွေကို မသိကျိုးကျွံပြုထားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သေချာတာတခုကတော့ ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေသူတွေဟာ ပုံမှန် ဆေးစစ်မှု ခံယူကြရပြီး လိင်ပညာပေး အစီအစဉ်တွေကို တက်ရောက်နားထောင်ရပါတယ်။ ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုထားခြင်း မရှိပေမယ့် ဧရိယာ တော်တော်များများမှာတော့ ဝင်ငွေကောင်းတဲ့ လုပ်ငန်းအဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။
ဖူးခက်ခရီးသွားဥက္ကဋ္ဌဖြစ်တဲ့ Bhummikitti Ruktawngam ကလည်း ပြီးခဲ့တဲ့အောက်တိုဘာလ အတွင်းက ဖူးခက်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လေကြောင်းခရီးနဲ့ ရောက်ရှိလာကြတဲ့ နိုင်ငံတကာခရီးသွားအရေအတွက်က ၁၈ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ ဖူးခက်ဒေသခံ အာဏာပိုင်တွေကလည်း အခုလို ခရီးသွားအရေအတွက် များပြားလာတာဟာ အပေါင်းလက္ခဏာ ဆောင်ပြီး ဒေသခံတွေရဲ့ အကျိုးစီးပွားတွေကို အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။
ခရီးသွားအများအပြား စုပြုံရောက်ရှိလာတာဟာ ဒေသခံတွေရဲ့အကျိုးစီးပွားကို ဖြစ်ထွန်းစေနိုင်ပေမယ့် တဖက်က ကြည့်မယ်ဆိုရင်လည်း ပြဿနာတွေ စိန်ခေါ်မှုတွေက ရှိနေပြန်ပါတယ်။ ဖူးခက် အာဏာပိုင်တွေကတော့ ၂၀၂၀ နှစ်သစ်ကူးပွဲတော် ကျင်းပနေချိန်ကာလအတွင်း ခရီးသွားတွေ ဘေးအန္တရာယ်ကင်းအောင် ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ခရီးသွားတွေ လုံခြုံမှုရှိဖို့အတွက် လူစည်ကားတဲ့ ကမ်းခြေတွေ၊ လူသွားလမ်းမတွေနဲ့ ဈေးဝယ်စင်တာကြီးတွေမှာ လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားမှာဖြစ်သလို ဒရုန်းတွေကနေလည်း စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
ဒီလို စီစဉ်ရတဲ့ အကြောင်းကလည်း ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော် ကျင်းပနေချိန်ကာလတွေမှာ ခရီး သွားတွေ ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့်ပါ။ မနှစ်ကကျင်းပခဲ့တဲ့ ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ကာလအတွင်း ဖူးခက်ကို ခရီးသွားပေါင်း ၁၄ သန်း လာရောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီတနှစ် ကျင်းပမယ့် ပွဲတော်ကာလတွေမှာ ခရီးသွားတွေ ပိုမိုလာရောက်မယ်လို့ သိရပါတယ်။
Ref: 12go.asia, thephuketnews
You may also like these stories:
ခရစ်စမတ်အတွက် လည်လို့ကောင်းတဲ့ ထိုင်းနိုင်ငံရဲ့နေရာများ
ထိုင်းမှာရှိတဲ့ ကြာနီကန်ကို ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက် လည်ပတ်
ထိုင်းအမျိုးသားဥယျာဉ်တွေမှာ လည်ပတ်သူတွေကို ကိုယ့်အမှိုက် ကိုယ်သိမ်းဖို့ စည်းကမ်းထုတ်