နယူးဇီလန်လေကြောင်းလိုင်းက လေယာဉ်ပေါ်မှာ ဧည့်ခံနေကျ ပုံမှန် ကော်ဖီခွက်တွေအစား ဝါးစားလို့ရတဲ့ ကော်ဖီခွက်တွေနဲ့ အစားထိုးပြောင်းလဲဖို့ စတင်စမ်းသပ် အသုံးပြုနေပါပြီ။ လေယာဉ်ပေါ်မှာ မလိုအပ်ဘဲ စွန့်ပစ်ပစ္စည်း များမလာအောင် လျှော့ချတဲ့အနေနဲ့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စွန့်ပစ်ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာမှုကို ကာကွယ်တဲ့အနေနဲ့ ရည်ရွယ်ပြီး နယူးဇီးလန် လေကြောင်းလိုင်းက လေယာဉ်ပေါ်တင် မဟုတ်ဘဲ လေဆိပ်က နားနေဆောင်မှာပါ ကော်ဖီခွက်တွေကို ဝါးစားလို့ရတဲ့ ခွက်တွေနဲ့ အစားထိုး သုံးစွဲမှာပါ။
ဒီအစီအစဉ်ကို အကောင်ထည်ဖော်ဖို့အတွက် နယူးဇီလန်လေကြောင်းလိုင်းက အပင်ကို အခြေခံထုတ်ထားတဲ့ စားလို့ရတဲ့ ခွက်တွေလုပ်တဲ့ မိသားစုစီးပွားရေးပိုင် Twiice နဲ့ ပူးပေါင်းထားပါတယ်။ ဒီလို အပင်ကို အခြေခံတဲ့ ခွက်တွေ သုံးရတာလည်း သဘာဝအရသာကို အရှိအတိုင်း ခံစားမိစေချင်တဲ့ ရည်ရွယ်ချက်လို့ ဆိုပါတယ်။
လက်ရှိမှာ နယူးဇီးလန် လေကြောင်းလိုင်းမှာ အသုံးပြုနေတဲ့ ခွက်တွေက Vanilla အရသာဖြစ်ပြီး အပူဒဏ်ကိုလည်း ခံနိုင်ပါတယ်။ နယူးဇီလန် လေကြောင်းလိုင်းက တာဝန်ရှိသူတဦး ပြောပြချက်အရ လေကြောင်းလိုင်းဟာ တနှစ်ကို ကော်ဖီခွက်ပေါင်း ၈ သန်းကျော်လောက် လေယာဉ်ပေါ်မှာ တည့်ခင်းဧည့်ခံရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခုလို စွန့်ပစ်ပစ္စည်း ထိန်းချုပ်တဲ့အနေနဲ့ ဝါးစားလို့ရတဲ့ ခွက်တွေ အစားထိုး ပြောင်းလဲလိုက်တာဖြစ်ပြီး ဧည့်သည်တွေဆီကလည်း အကောင်းမြင်တဲ့ တုန့်ပြန်ချက်တွေ ပြန်ရတယ်လို့ ဆိုပါတယ်။
အဆိုပါ နယူးဇီလန်လေကြောင်းလိုင်းကပဲ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတုန်းက လေယာဉ်ပေါ်မှာ ကျွေးတဲ့ ဆလပ်သုပ်ထည့်တဲ့ ခွက်တွေကို တခါသုံး ပလတ်စတစ်ဘူးတွေအစား ပြန်အသုံးပြုလို့ရတဲ့ ခွက်တွေနဲ့ အစားထိုးအသုံးပြုမယ်လို့ ကြေညာခဲ့ပါသေးတယ်။
Twiice ကုမ္ပဏီဟာ လတ်တလောမှာ လေကြောင်းလိုင်းနဲ့ အကျိုးတူ လုပ်ဆောင်နေပြီး နောက်ထပ်လည်း အလုပ်သစ်တွေအတွက် အတူ ပူးပေါင်းသွားဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ တွဲဖက်တည်ထောင်သူဖြစ်တဲ့ Jamie Cashmore က “နယူးဇီလန်လေကြောင်းလိုင်းနဲ့ နောက်ထပ် စားသုံးလို့ရတဲ့ ပန်းကန်ခွက်ယောက်တွေထိ တိုးချဲ့လုပ်ဆောင်သွားဖို့ ရှိပါတယ်”လို့ ဆိုပါတယ်။
ကမ္ဘာ့အနှံ့ကြုံတွေ့နေရတဲ့ ပလတ်စတစ် ပြဿနာဟာ လေကြောင်းလိုင်းတခုတည်းတင် မဟုတ်ဘဲ ခရီးသွားလုပ်ငန်း ခေါင်းစဉ်အောက်က စီးပွားရေးလုပ်ငန်း အားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံတွေမှာ အတတ်နိုင်ဆုံး ပလတ်စတစ် လျှော့ချရေးနဲ့ အစားထိုး ပြန်လည် အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကို ထည့်သွင်း စဉ်းစားလာကြပါပြီ။
Ref: edition.cnn
You may also like these stories:
၂၀၂၀ ခုနှစ် အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် သတ်မှတ်ခံရတဲ့ နယူးဇီလန် လေကြောင်းလိုင်း
နယူးဇီလန်နိုင်ငံမှာ ရိုက်ကူးရေး စတင်တော့မယ့် “Lord of the Rings” စီးရီး