အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာပါဝင်တဲ့ ဒူဘိုင်းမြို့ဟာ ပါရှန်းပင်လယ်ကွေ့ တောင်ဘက် အာရပ်ကျွန်းဆွယ်ပေါ်မှာ တည်ရှိပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စုမှာ လူဦးရေ အများဆုံးမြို့တမြို့ ဖြစ်ပြီး အဘူဒါဘီမြို့ ပြီးရင် ဒုတိယမြောက် မြေနေရာ အကျယ်ဆုံးမြို့တမြို့ပါ။
ယူကေအခြေစိုက် ဈေးကွက်သုတေသန ကုမ္ပဏီတခုဖြစ်တဲ့ Euromonitor က ၂၀၁၉ ခုနှစ်အတွက် လူကြိုက်အများဆုံး မြို့ ၁၀၀ ကိုရွေးချယ်ပေးခဲ့ပြီး ဒူဘိုင်းမြို့လည်း Top 10 စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ နိုင်ငံရေး မငြိမ်သက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ဟောင်ကောင်မြို့ကလည်း နောက်ပိုင်းကာလတွေမှာ လူကြိုက်အများဆုံး မြို့စာရင်းတွေထဲ ပါဝင်လာနိုင်ဖွယ် ရှိတယ်လို့ AFP သတင်းဌာနက ရေးသားခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ဒူဘိုင်းကို နိုင်ငံတကာ ခရီးသွားအများအပြား လာရောက်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒူဘိုင်းမြို့တော်ဟာ လူကြိုက်အများဆုံးမြို့စာရင်းတွေထဲမှာ Top 10 စာရင်းဝင်ခဲ့တာပါ။ လေ့လာမှုအသစ်တွေအရ အီဂျစ်နိုင်ငံ၊ ပင်လယ်နီကမ်းခြေမြို့ ဖြစ်တဲ့ ဟာ့ဂါဒါမြို့ကလည်း အဆင့်အတန်း မြင့်လာဖို့ မျှော်လင့်ရပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ အချက်အချာကျတဲ့ မြို့ဖြစ်တဲ့ ဒူဘိုင်းမြို့ကို ၂၀၁၉ ခုနှစ်အတွင်း ခရီးသွားပေါင်း ၁၆ ဒဿမ ၃ သန်း လာရောက်ခဲ့ပါတယ်။ အဘူဒါဘီ၊ ကွာလမ်လမ်ပူ၊ နယူးယောက် စတဲ့မြို့တွေကိုတော့ ခရီးသွားပေါင်း ၁၄ သန်း ဝန်းကျင်လောက်သာ လာရောက်ခဲ့ကြတဲ့အတွက် ဒူဘိုင်းမြို့က အဲဒီမြို့ကြီးတွေကိုကျော်ပြီး အဆင့် ၇ နေရာက ရပ်တည်နိုင်ခဲ့တယ်လို့ Euromonitor ကုမ္ပဏီက ဖော်ပြခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာတော့ ဒူဘိုင်းမြို့ဟာ ခရီးသွားလုပ်ငန်းမှာ တိုးတက်လာတဲ့ မြို့တမြို့လို့ ဆိုနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်ကထက်လည်း ခရီးသွားအရေအတွက် ပိုများလာပါတယ်။ ခရီးသွားတွေ ပိုများလာတဲ့အကြောင်းတွေထဲမှာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဗီဇာကို အခမဲ့ ၂ ရက် ခွင့်ပြုခဲ့တဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒူဘိုင်းနဲ့ အဘူဒါဘီ မြို့ ၂ မြို့ဟာ ၂၀၁၉ ခုနှစ်အတွင်း ၂ ရက် အခမဲ့ ဗီဇာ ခွင့်ပြုပေးခဲ့ပါတယ်။
Euromonitor ကုမ္ပဏီက ရွေးချယ်ပေးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း လူကြိုက်အများဆုံးမြို့ ၁၀၀ စာရင်းမှာ အာရှက ၄၃ မြို့ ပါဝင်ခဲ့ပါတယ်။ အခုလို လူကြိုက်အများဆုံး မြို့ ၁၀၀ စာရင်းမှာ အာရှက မြို့အများစု ပါဝင်လာတဲ့ အကြောင်းကတော့ အာရှသားတွေရဲ့ ဝင်ငွေတိုးလာမှုနဲ့ တရုတ်ခရီးသွား များပြားလာတဲ့ အတွက်ကြောင့်လို့ ဖော်ပြထားပါတယ်။
Ref: newsroom.mastercard
You may also like these stories:
သယံဇာတအပေါ် မမှီခိုဘဲ ခရီးသွားလုပ်ငန်းကို ပိုပြီး အာရုံ စိုက်လာတဲ့ ဒူဘိုင်း
ဒူဘိုင်းမှာသာ ရှိတဲ့ ထူးထူးဆန်းဆန်း အရာများ
မြန်မာနှင့် ထိုင်းသို့ လေကြောင်းလိုင်းသစ် ပြေးဆွဲသွားမည်ဟု Flydubai ပြော
ဒူဘိုင်းမြို့ကို အလည်အပတ်သွားဖို့ အကောင်းဆုံး အချိန်