ဒီနေ့ခေတ်မှာ မိုဘိုင်းဖုန်း အသုံးပြုသူတွေအတွက် Selfie ရိုက်တာ ထူးဆန်းတဲ့ ကိစ္စတခုတော့ မဟုတ်ပါဘူး။ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပေမယ့် ကမ္ဘာအနှံ့မှာ Selfie ရိုက်လို့ သေဆုံးခဲ့ရသူတွေကလည်း မနည်းပါဘူး။ Selfie ကြောင့် အသက်သေဆုံးတဲ့ ကိစ္စတွေ ရှိနေသလို ဒေသခံတွေကို စိတ်အနှောင့်အယှက် ပေးတတ်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့်လည်း တချို့နိုင်ငံတွေမှာ Selfie ရိုက်တာကို ဥပဒေတွေနဲ့ တားမြစ်လာတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာတော့ ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာ Selfie ရိုက်ကူးခွင့်ကို ကျိုတို အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။ ဒီလို ပိတ်ပင်လိုက်ရတဲ့အကြောင်းကတော့ နိုင်ငံတကာက လာရောက်ကြတဲ့ ခရီးသွား ဧည့်သည်တွေဟာ ကျိုတိုမြို့မှာရှိတဲ့ ဂျပန်ရိုးရာ ကီမိုနိုဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတွေကိုတွေ့တိုင်း အတင်းဆွဲခေါ်ပြီး Selfie ရိုက်ဖို့ ကြိုးစားနေတဲ့ အတွက်ကြောင့်ပါ။
ဒီကိစ္စဟာ နိုင်ငံကြီးသား မပီသရာရောက်တဲ့အတွက် ကျိုတို အာဏာပိုင်တွေက Selfie ရိုက်ကူးခွင့်ကို ပိတ်ပင်လိုက်တာပါ။ ကျိုတို စီရင်စုထဲမှာဆိုရင်တော့ Gion ခရိုင်ဟာ ဂေးရှားမယ်တွေ အများဆုံးနေထိုင်တဲ့ ခရိုင်ပါ။ ဂေးရှားမယ်တွေရဲ့ သဘောတူညီမှုကို မရဘဲ အတင်းအဓမ္မ Selfie ရိုက်ကူးဖို့ကြိုးစားတဲ့ နိုင်ငံတကာခရီးသွားတွေကို ဂျပန်ယန်း ၁ သောင်း (အမေရိကန်ဒေါ်လာ ၉၁ ဒေါ်လာ) ဒဏ်ရိုက်ဖို့ ကျိုတိုအာဏာပိုင်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
နောက်ထပ် Selfie မရိုက်ဖို့ တားမြစ်လိုက်တာကတော့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော် မီးရထား လမ်းမတွေပေါ်မှာပါ။ နိုင်ငံတကာ ခရီးသွားတွေ အများဆုံး လာရောက် လည်ပတ်လေ့ရှိတဲ့ ဟနွိုင်းမြို့ရဲ့ မီးရထားလမ်းမကြီး ရပ်ကွက်ဟောင်း တခုရဲ့ ကျဉ်းမြောင်းတဲ့ လမ်းကြားတွေမှာ တည်ရှိပါတယ်။ ဘေးတဖက် တချက်မှာလည်း လူနေအိမ်တွေက ပြွတ်သိပ်လို့ပါပဲ။ မီးရထားလမ်းဘေး တလျှောက် နေထိုင်ကြသူတွေကလည်း မီးရထားမလာခင် အချိန်တွေမှာတော့ ရထားသံလမ်းပေါ်မှာပဲ ချက်ပြုတ်စားသောက်လေ့ ရှိပါတယ်။
ဒီမီးရထားလမ်းဟာ အန္တရာယ် အလွန်ကြီးတဲ့နေရာ ဖြစ်ပေမယ့် နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ အများဆုံး လာရောက်တဲ့ နေရာလည်း ဖြစ်နေပါတယ်။ ခရီးသွားဧည့်သည်တွေကတော့ အခုလို “Selfie မရိုက်ရ” ကြေညာချက်ထွက်လာတာကို သိပ်တော့ ကျေနပ်မှုမရှိကြပါဘူး။ ဒါပေမယ့်လည်း ဗီယက်နမ်အစိုးရကတော့ အန္တရာယ်များတဲ့ မီးရထား လမ်းတလျှောက် Selfie မရိုက်ဖို့ တားမြစ်လိုက်ပါတယ်။
ပြင်သစ်နိုင်ငံတောင်ပိုင်းက Garoupe ကမ်းခြေမှာလည်း Selfie ရိုက်တာကို တားမြစ်ထားပါတယ်။ ဒီကမ်းခြေဟာ ပြင်သစ်မှာရှိတဲ့ တခြားကမ်းခြေတွေထက် အနားယူလို့ကောင်းတဲ့ ကမ်းခြေပါ။ ဒါကြောင့်လည်း ဒီကမ်းခြေကို လာရောက် အပန်းဖြေသူတွေကို ပြင်သစ်အာဏာပိုင်တွေက စိတ်အေးလက်အေး အနားယူစေချင်တဲ့ ဆန္ဒရှိတဲ့အတွက် Selfie ရိုက်တာကို တားမြစ်ခဲ့ပါတယ်။
ပြင်သစ်အာဏာပိုင်တွေရဲ့ တားမြစ်ချက်က ချွင်းချက်တော့ ရှိပါတယ်။ အဓိကကတော့ အပန်းဖြေသူ အများဆုံး လာရောက်လေ့ရှိတဲ့ သြဂုတ်လအတွင်းမှာ Selfie မရိုက်ဖို့ပါပဲ။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်မှာလည်း တိရစ္ဆာန်တွေနဲ့အတူ Selfie ရိုက်ခွင့် ပိတ်ပင်ထားသလို နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာရှိတဲ့ ဗန်ဂိုးပြတိုက်မှာလည်း Selfie ရိုက်ခွင့် ပိတ်ပင်ထားပါတယ်။ စပိန်နိုင်ငံရဲ့ အထင်ကရ ပွဲတော်ဖြစ်တဲ့ နွားရိုင်းသတ်ပွဲ ကျင်းပနေချိန်မှာလည်း Selfie ရိုက်လို့ ရမှာ မဟုတ်တော့ပါဘူး။
ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့တော်မှာလည်း ရာနဲ့ ချီတဲ့ မွတ်ဆလင် လူငယ်တွေဟာ ဘုရားဖူးရာသီအတွင်း Selfie ရိုက်ပြီး အွန်လိုင်းပေါ် တင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဘာသာရေးခေါင်းဆောင်တွေက ဘုရားဖူးရာသီအတွင်း မက္ကာမှာ Selfie မရိုက်ဖို့ တားမြစ်ခဲ့ပါတယ်။
Ref: graziadaily, escapehere, scmp
You may also like these stories:
ထိုင်းနိုင်ငံက ရေတံခွန်မှာ Selfie ရိုက်ဖို့ ကြိုးစားရင်း သေဆုံးသွားတဲ့ ပြင်သစ်နိုင်ငံသား
Selfie ရိုက်ရင်း သေဆုံးမှုများ ကမ္ဘာတဝှမ်းမှာ တနှစ်ထက်တနှစ် ပိုတိုးလာ
ခရီးသွားတွေကြောင့် ပျက်စီးခဲ့ရတဲ့ ကမ္ဘာတဝှမ်းက အဖိုးတန်နေရာများ