ကနေဒါနိုင်ငံရဲ့ ခရီးသွား Website တခုဖြစ်တဲ့ The Travel Website က အာရှဒေသမှာ ပျားရည်ဆမ်းခရီးထွက်လို့ ကောင်းလို့နေရာ ၁၀ နေရာကို ရွေးချယ်ပေးခဲ့ပါတယ်။
The Travel Website ဟာ ကမ္ဘာအနှံ့က ခရီးသွားလို့ ကောင်းတဲ့နေရာတွေ ၊ အစားအသောက်ကောင်းကောင်းရတဲ့ နေရာတွေကို ခရီးသွားလမ်းညွှန် လုပ်ပေးနေတဲ့ Website တခုပါ။ ဒါကြောင့်လည်း ခရီးသွားချင်ကြတဲ့ နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ဒီ Website ကို အားကိုးအားထားပြုလေ့ ရှိကြပါတယ်။
The Travel Website အနေနဲ့ အာရှရဲ့ ပျားရည်ဆမ်းခရီး ထွက်လို့ကောင်းတဲ့ နေရာ ၁၀ နေရာကိုရွေးချယ် ပေးခဲ့ရာမှာ ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဟနွိုင်းမြို့က ဒုတိယနေရာမှာ ရှိနေသလို၊ Khanh Hoa ပြည်နယ် အလယ်ပိုင်းမှာရှိပြီး ကမ်းခြေမြို့ ဖြစ်တဲ့ Nha Trang မြို့ကလည်း ထိပ်ဆုံး ၁၀ နေရာ စာရင်းမှာ ပါဝင်လာတဲ့အကြောင်း ဗီယက်နမ်သတင်းစာတွေမှာ ဒီဇင်ဘာ ၃ ရက်နေ့က ဖော်ပြခဲ့ကြပါတယ်။
ဟနွိုင်းမြို့တော်ဟာ ပျားရည်ဆမ်းခရီး ထွက်လိုသူတွေအတွက် ရိုမန့်တစ်ဆန်တဲ့မြို့ ဖြစ်ရုံသာမက ဗီယက်နမ်နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကို လေ့လာနိုင်သလို အရသာရှိတဲ့ ရိုးရာ အစားအသောက်တွေကိုလည်း ရရှိနိုင်ပါတယ်။ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ဟနွိုင်းမြို့တော်ဟာ သမိုင်း၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ တန်ဖိုးတွေကို ဖော်ပြနေတဲ့ မြို့တမြို့ပါ။
ဟနွိုင်းမြို့တော်မှာရှိတဲ့ အရာရာတိုင်းက ပျားရည်ဆမ်းခရီး ထွက်လာတဲ့ ဇနီးမောင်နှံတွေကို ပျော်ရွှင်မှု အလုံးစုံ ပေးစွမ်းနိုင်ပါတယ်။ ဟနွိုင်းမြို့က ရှေးဟောင်းစေတီပုထိုးတွေကို လည်ပတ်ရတာ၊ ပြတိုက်တွေကို လေ့လာရတာ၊ ဈေးဝယ်စင်တာကြီးတွေမှာ ဈေးဝယ်ရတာက ကြင်စဦး ဇနီးမောင်နှံတွေကို စိတ်ကျေနပ်မှု အပြည့်အဝ ရစေနိုင်တယ်လို့ The Travel Website က ရေးသားခဲ့ပါတယ်။
ကမ်းခြေမြို့ဖြစ်တဲ့ Nha Trang နဲ့ ပတ်သက်ပြီးတော့ The Travel Website က “Nha Trang မြို့ တော်ကလည်း ကြင်စဦး ဇနီးမောင်နှံတွေအတွက် စိတ်ကြည်နူးစရာကောင်းတဲ့ ကမ်းခြေ အများအပြား စောင့်ကြိုနေပါလိမ့်မယ်။ ရှေးဟောင်းစေတီ ပုထိုးတွေလည်း အများအပြား ရှိသလို၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တည်ထောင်ခဲ့တဲ့ Champa ဘုရင့်နိုင်ငံတော်ရဲ့ အကြွင်းအကျန်တွေကိုလည်း လေ့လာနိုင်ပါသေးတယ်” လို့ ရေးသားခဲ့ပါတယ်။
Nha Trang ကမ်းခြေမြို့ကို နိုင်ငံတကာက ခရီးသွား အများအပြား လာရောက် လည်ပတ်လေ့ ရှိကြပါ တယ်။ အဓိက လာရောက် လည်ပတ်ကြတာကတော့ တရုတ်နိုင်ငံသားတွေနဲ့ ရုရှားနိုင်ငံသားတွေပါ။
ပျားရည်ဆမ်းခရီး ထွက်လို့ကောင်းတဲ့ နေရာ ၁၀ နေရာစာရင်းမှာ ထိပ်ဆုံးက ရှိနေတာကတော့ ဖိလစ်ပိုင်နိုင်ငံ၊ ပါလာဝမ်ကျွန်းမှာရှိတဲ့ အယ်လ်နီဒို အပန်းဖြေကမ်းခြေစခန်းပါ။ အာရှမှာ ပျားရည်ဆမ်းခရီး ထွက်လို့ကောင်းတဲ့ ထိပ်ဆုံး ၁၀ နေရာရဲ့စာရင်းမှာ ချင်းမိုင်၊ ဘာလီ၊ စင်ကာပူ၊ ကျိုတိုနဲ့ လာအိုနိုင်ငံရဲ့ လောင်ပရာဘမ်မြို့တို့လည်း ပါဝင်ပါတယ်။
ဟနွိုင်းမြို့တော်ကို ခရီးထွက်လို့ အကောင်းဆုံးမြို့တော်အဖြစ် Time မဂ္ဂဇင်းက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက ရွေးချယ်ပေးခဲ့ပါတယ်။ ဟနွိုင်းမြို့တော်ကို နောက်ထပ် ကျော်ကြားစေတဲ့အကြောင်း တချက်ကလည်း ရှိနေပြန်ပါသေးတယ်။
အဲဒီအချက်ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါလပိုင်းက ဟနွိုင်းမြို့တော်မှာ ဒုတိယအကြိမ်တွေ့ဆုံခဲ့ကြတာပါ။ ဒီအချက်ကလည်း သမိုင်းအရ ဟနွိုင်းမြို့ရဲ့ ဂုဏ်ကို ပိုပြီး တောက်ပနေစေပါတော့တယ်။
Ref: e.vnexpress