တရုတ်နိုင်ငံသားတွေအနေနဲ့ ဝင်ငွေ တိုးလာတဲ့အတွက် နိုင်ငံတကာကို ခရီးထွက်လာနိုင်ကြတယ် ဆိုပေမယ့်လည်း နိုင်ငံတကာကို ခရီးသွားနေကြတဲ့ တရုတ်နိုင်ငံသားတွေ ပြစ်မှုတွေ ကျူးလွန်နေကြတာကိုလည်း တွေ့ရှိနေရပါတယ်။
တချို့ တရုတ်နိုင်ငံသားတွေဟာ နိုင်ငံတနိုင်ငံကို ရောက်တဲ့အခါမှာ လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးပြီး ပိုက်ဆံတောင်းရမ်းလေ့ ရှိကြပါတယ်။ ထိုင်းနိုင်ငံမှာ ပိုက်ဆံတောင်းရမ်းနေကြတဲ့ တရုတ်နိုင်ငံသား အများစုကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းနေရတယ်လို့ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း နားမကြားချင်ယောင်ဆောင်ပြီး ထိုင်းနိုင်ငံမှာ ပိုက်ဆံတောင်းရမ်းနေကြတဲ့ တရုတ်ခရီးသွား ၄ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့သလို ဖေဖော်ဝါရီလပိုင်းတုန်းကလည်း ဘန်ကောက်မြို့မှာ ပိုက်ဆံတောင်းရမ်းနေကြတဲ့ တရုတ်ခရီးသွား ၆ ယောက်ကို ဖမ်းဆီးခဲ့ရပါသေးတယ်။
ဖမ်းမိတဲ့ တရုတ် ခရီးသွားတွေဟာ ခရီးသွားဗီဇာနဲ့ ထိုင်းနိုင်ငံကို လာရောက်ခဲ့ကြတဲ့ ခရီးသွား ဧည့်သည်တွေပါ။ ခရီးသွားဗီဇာကို အကြောင်းပြပြီး ထိုင်းနိုင်ငံမှာ ပိုက်ဆံတောင်းရမ်းနေကြတဲ့ ဖြစ်ရပ်တွေပါပဲ။ ဒီလို ဖြစ်ရပ်မျိုးကို ထိုင်းနိုင်ငံမှာတင်သာမက တခြားနိုင်ငံတွေမှာလည်း တရုတ်ခရီးသွားတွေ ကျူးလွန်လေ့ ရှိကြပါတယ်။
၂၀၁၉ ဇူလိုင်လပိုင်းတုန်းကလည်း သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ပိုက်ဆံ တောင်းရမ်းနေကြတဲ့ တရုတ်နိုင်ငံသား ၇ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။ ဖမ်းဆီးခဲ့တဲ့ တရုတ် နိုင်ငံသားတွေရဲ့ အသက်က ၆၅ နှစ်နဲ့ ၇၂ နှစ် ကြားအရွယ်တွေဖြစ်ပြီး ခရီးသွားဗီဇာနဲ့ သြစတြေးလျနိုင်ငံကို လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အခုဖော်ပြခဲ့တာတွေဟာ နိုင်ငံတကာမှာ တရုတ် နိုင်ငံသားတွေ ပိုက်ဆံတောင်းရမ်းနေကြတဲ့ အဖြစ် အပျက်များစွာထဲက တချို့တလေလောက်ပဲ ရှိပါသေးတယ်။
နောက်ထပ် တရုတ်နိုင်ငံသားတွေ ကျူးလွန်လေ့ရှိတဲ့ပြစ်မှုကတော့ လိမ်ညာထားတဲ့ အွန်လိုင်းဂိမ်းတွေပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုဒ်တခု ဖွင့်ပြီး ရှယ်ယာတွေကိုလိမ်လည်ခဲ့ကြတဲ့ တရုတ်နိုင်ငံသား ၇၇ ယောက်ကို ဘန်ကောက်နဲ့ ပတ္တရားမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
အွန်လိုင်း လောင်းကစား ဝက်ဘ်ဆိုဒ်တွေ ဖွင့်ပြီး ပိုက်ဆံ လိမ်လည်နေကြတဲ့ တရုတ်နိုင်ငံသားတွေရဲ့ ပြစ်မှုတွေက ထိုင်းနိုင်ငံမှာ အများအပြားပါ။ တရုတ်နိုင်ငံသားတွေဟာ လူပေါင်းများစွာ ပါဝင်တဲ့ အဖွဲ့တွေကို ဖွဲ့စည်းပြီး အွန်လိုင်းကနေတဆင့် ပိုက်ဆံလိမ်လေ့ ရှိကြပါတယ်။ တချို့အဖွဲ့တွေမှာဆို လူပေါင်း ရာချီ ပါဝင်လေ့ ရှိပါတယ်။
အမျိုးသား၊ အမျိုးသမီး ၉၉ ယောက် ပါဝင်တဲ့ အဖွဲ့တဖွဲ့ကိုလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။ တရားခံတွေရဲ့ ဖြောင့်ချက်အရ အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုဒ်တွေကနေ တရက်ကို ဝင်ငွေ ထိုင်းဘတ် ၈ သန်းကျော် ရရှိတယ်လို့ ဆိုပါတယ်။
ထိုင်းဘတ် ၈ သန်းဆိုတာ နည်းတဲ့ ဝင်ငွေတော့ မဟုတ်ပါဘူး။ ဒီလို ပြစ်မှုမျိုးတွေကို မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေမှာလည်း တရုတ်နိုင်ငံသားတွေ ကျူးလွန်လေ့ ရှိပါတယ်။
နိုဝင်ဘာလတုန်းကလည်း ထိုင်းပတ်စ်ပို့အတု ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံက ထွက်ဖို့ ကြိုးစားနေတဲ့ အသက် ၄၇ အရွယ် တရုတ်နိုင်ငံသားတယောက်ကို ဖမ်းဆီးခဲ့ပါသေးတယ်။ ပတ်စ်ပို့အတုမှာ ထိုင်း နာမည် Aphisit လို့ ပေးထားပေမယ့် ထိုင်းအာဏာပိုင်တွေက စုံစမ်းကြည့်တဲ့အခါ ထိုင်းနိုင်ငံသား မဟုတ်ဘဲ Lin လို့ ခေါ်တဲ့ တရုတ်နိုင်ငံသားဖြစ်နေတာကို တွေ့ရပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား Lin ဆိုသူဟာ တရုတ်နိုင်ငံကနေက ထွက်လာခဲ့ကြာပါပြီ။ တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သူ့ပတ်စ်ပို့ကလည်း သက်တမ်းကုန်ခဲ့ပါပြီ။ ဒါကြောင့်လည်း သူဟာ တရုတ်နိုင်ငံသား ၃ ယောက်၊ ထိုင်းနိုင်ငံသား ၄ ယောက်ပါဝင်တဲ့ ပတ်စ်ပို့အတု ပြုလုပ်သူတွေနဲ့ဆက်သွယ်ပြီး ထိုင်းပတ်စ်ပို့အတု ပြုလုပ်ခဲ့ပါတယ်။
ပတ်စ်ပို့အတုအတွက် ထိုင်းဘတ် ၁ သန်းကျော် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ပတ်စ်ပို့အတု ရပြီးနောက် ထိုင်းနိုင်ငံကနေ ထွက်ဖို့ကြိုးစားနေစဉ်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက Lin ကို ဖမ်းဆီးခဲ့ပါတယ်။
အခုဖော်ပြခဲ့တာတွေဟာ ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ တရုတ်လူမျိုးတွေ ကျူးလွန်ခဲ့ကြတဲ့ ပြစ်မှုတွေပါ။ ဒီလိုပြစ်မှုမျိုးတွေကို တရုတ်နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာတင်မက တခြားနိုင်ငံတွေမှာလည်း ကျူးလွန်လေ့ ရှိကြပါတယ်။ အဓိက ကျူးလွန်တာကတော့ ပိုက်ဆံတောင်းရမ်းတာနဲ့ အွန်လိုင်းလောင်းကစားတွေကနေ ပိုက်ဆံလိမ်လည်တာတွေပါ။
Ref: thaiexaminer, bangkokpost, thethaiger