Travel

ခရီးသွားတွေအတွက် သက်သတ်လွတ် စားရလွယ်တဲ့ မြို့များ

လူတချို့က သက်သတ်လွတ် စားသောက်မှုကို ဘာသာရေးနဲ့ ဆက်နွယ်ပြီးစဉ်းစားလေ့ ရှိကြပါတယ်။ ၂၁ ရာစုရောက်လာတဲ့အခါမှာတော့ သက်သတ်လွတ် စားသောက်မှုကို ဘာသာရေးနဲ့ယှဉ်ပြီး စဉ်းစားလေ့ သိပ်မရှိတော့ပါဘူး။

ကမ္ဘာအနှံ့မှာဆိုရင်လည်း တိရစ္ဆာန်ချစ်သူများအသင်း၊ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအသင်းစတာတွေ ပေါ်ပေါက်လာခဲ့ပြီး ဒီအသင်းအဖွဲ့တွေကလည်း သက်သတ်လွတ်စားသောက်မှုကို အားပေးတဲ့ အသင်းတွေ ဖြစ်လာကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘာအနှံ့မှာ သက်သတ်လွတ် စားသောက်ဆိုင်အများအပြား ပေါ်ပေါက်လာရတာပါ။

၂၀၁၉ ခုနှစ်အတွက် သက်သတ်လွတ် စားရလွယ်တဲ့ မြို့တွေရဲ့စာရင်းကို HappyCow Website က ဖော်ပြပေးခဲ့ပါတယ်။ HappyCow Website ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်နဲ့ သက်သတ်လွတ် စားသောက်ဆိုင် စာရင်းတွေကို အွန်လိုင်းကနေ ဝန်ဆောင်မှုပေးနေတဲ့ ဝက်ဘ်ဆိုဒ် ဖြစ်ပါတယ်။

HappyCow ရဲ့ နှစ် ၂၀ ပြည့် အမှတ်တရပွဲတော်ကို နိုဝင်ဘာ ၁၁ ရက်နေ့က ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် သက်သတ်လွတ် စားရလွယ်တဲ့ စားသောက်ဆိုင်စာရင်းကို ကြေညာခဲ့ပါတယ်။ အဲဒီ စာရင်းမှာတော့ လန်ဒန်မြို့က နံပါတ် ၁ နေရာက ရပ်တည်နေပါတယ်။ လန်ဒန်မြို့ကို ခရီးထွက်လေ့ရှိကြတဲ့ သက်သတ်လွတ် ခရီးသွားဧည့်သည်တွေအတွက် လန်ဒန်မြို့ဟာ အဆင်အပြေဆုံးမြို့ပါ။

HappyCow ရဲ့ ဖော်ပြချက်အရ ကမ္ဘာတဝန်းမှာ သက်သတ်လွတ် စားသောက်ဆိုင်တွေ ပိုများလာနေတယ်လို့ ဖော်ပြထားပြီး သက်သတ်လွတ် စားသုံးတဲ့ ဝါဒကလည်း ကမ္ဘာတဝန်း ပိုပြီး တွင်ကျယ်လာနေတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတော့ ကမ္ဘာတဝန်းလုံးမှာ သက်သတ်လွတ် စားသောက်ဆိုင်ပေါင်း ၆၂၅ ဆိုင်သာ ရှိခဲ့ပေမယ့် အခုဆိုရင်တော့ ဆိုင်ပေါင်း ၈၁၀၀ ကျော် ရှိလာခဲ့ပြီလို့ HappyCow က ဆိုပါတယ်။ လန်ဒန် တမြို့တည်းမှာတင် သက်သတ်လွတ်ဆိုင်ပေါင်း ၁၅၂ ဆိုင် ရှိနေပါတယ်။ ၂၀၁၇ ခုနှစ် မှာဆိုရင်လည်း လန်ဒန်မြို့ဟာ သက်သတ်လွတ် စားသောက်ဆိုင်ပေါင်း ၁၀၀ ရှိခဲ့ပြီး ကမ္ဘာပေါ်မှာ သက်သတ်လွတ် စားသောက်ဆိုင် အများဆုံးမြို့အဖြစ် ရပ်တည်ခဲ့ပါတယ်။

နိုင်ငံတကာ ခရီးသွားတွေထဲမှာ အသားစားသူတွေ ပါဝင်သလို သက်သတ်လွတ် စားသောက်သူတွေ လည်း ပါဝင်ပါတယ်။ အသားစားသူတွေအတွက် ဘယ်စားသောက်ဆိုင်မှာမဆို ဝင်ရောက် စားသောက်လို့ လွယ်ကူပေမယ့် သက်သတ်လွတ်သမားတွေ အတွက်တော့ မလွယ်ကူပါဘူး။ ဒါကြောင့်လည်း အခုလို သက်သတ်လွတ်စားသောက်ဆိုင် အများအပြား ပေါ်ပေါက်လာတာကို ကြိုဆိုရမှာ ဖြစ်ပါတယ်။

ဘာလင်၊ နယူးယောက်၊ လော့စ်အိန်ဂျယ်လစ်၊ ဘန်ကောက် စတဲ့ မြို့တွေကလည်း သက်သတ်လွတ် စားရလွယ်တဲ့ မြို့ ၁၀ မြို့ စာရင်းမှာ ပါဝင်ပါတယ်။

HappyCow Website မှာ စာရေးသားနေတဲ့ Ken Spector ကလည်း သက်သတ်လွတ်ဝါဒက လန်ဒန်သားတွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းနေရာက ရှိနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွက် သက်သတ်လွတ် စားရလွယ်တဲ့ မြို့တွေကတော့

(၁) လန်ဒန်မြို့ (အင်္ဂလန်နိုင်ငံ)

(၂) နယူးယောက်မြို့ (အမေရိကန်ပြည်ထောင်စု)

(၃) ဘာလင်မြို့ (ဂျာမနီနိုင်ငံ)

(၄) လော့စ်အိန်ဂျယ်လစ်မြို့ (အမေရိကန်ပြည်ထောင်စု)

(၅) တိုရွန်တိုမြို့ (ကနေဒါနိုင်ငံ)

(၆) ဝါဆောမြို့ (ပိုလန်နိုင်ငံ)

(၇) ပေါ့တ်လန့်ဒ်မြို့ (အမေရိကန်ပြည်ထောင်စု)

(၈) ဘန်ကောက်မြို့ (ထိုင်းနိုင်ငံ)

(၉) တဲလ်အဗစ်မြို့ (အစ္စရေးနိုင်ငံ)

(၁၀) ပရာ့ဂ်မြို့ (ချက်သမ္မတနိုင်ငံ)

ဖော်ပြခဲ့တဲ့ မြို့စာရင်းကို ကြည့်ရင် သက်သတ်လွတ် စားရလွယ်တဲ့မြို့တွေဟာ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက အများစုဖြစ်နေတာကို တွေ့ရပါတယ်။ အာရှဒေသဟာ သက်သတ်လွတ်ဝါဒ တွင်ကျယ် နေတဲ့အရပ် ဖြစ်ပေမယ့်လည်း ခရီးသွားတွေ အလွယ်စားရလွယ်တဲ့ သက်သတ်လွတ်ဆိုင်တွေ နည်းပါးနေတာကို တွေ့ရပါတယ်။

Ref: happycow,timesofindia

You may also like these stories:

အာရှမှာ ပျားရည်ဆမ်းခရီး ထွက်လို့ကောင်းတဲ့ နေရာများ

လူကြိုက်အများဆုံး မြို့ ၁၀၀ စာရင်းမှာ အဆင့် ၇ နေရာက ရပ်တည်ခဲ့တဲ့ ဒူဘိုင်း

အိန္ဒိယနိုင်ငံဟာ အမျိုးသမီး ခရီးသွားတွေအတွက် မလုံခြုံကြောင်း အမေရိကန်နဲ့ အင်္ဂလန် ထုတ်ပြန်

Loading