ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို အလည်အပတ် ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသား တယောက်ကို ထိုင်း အာဏာပိုင်တွေက အများပြည်သူသုံး စာတိုက်ပုံးတွေကို ဖျက်ဆီးခဲ့တဲ့အတွက် ဖမ်းဆီး ထိန်းသိမ်းထားလိုက်ပါတယ်။
အသက် ၄၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အမေရိကန်နိုင်ငံသား Daniel James Franchowiak ဆိုသူဟာ လူမျိုးရေး အမုန်းစကား ပြောဆိုခဲ့တဲ့အတွက် ပထမတကြိမ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရဖူးသူ တယောက်ဖြစ်ပြီး အခုတကြိမ်ကတော့ ဒုတိယမြောက် ထပ်မံ ဖမ်းဆီးခံခဲ့ရတာပါ။
ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ အမေရိကန် ခရီးသွားဟာ ချင်းမိုင်မြို့က ဈေးဆိုင် တဆိုင်မှာလည်း ပြတင်းပေါက်တွေကို ရိုက်ခွဲခဲ့ပါသေးတယ်။ အဆိုးဆုံး အပြုအမူတွေကတော့ လမ်းသွားလမ်းလာတွေကို ဆဲဆိုပြီး တံတွေးနဲ့ ထွေးတာ၊ ဆိုရှယ်မီဒီယာတွေကနေ လူမျိုးရေး အမုန်းစကားတွေ ဖြန့်ဝေနေတာပါ။
ချင်းမိုင် အာဏာပိုင်တွေအနေနဲ့ကလည်း အခုလို ပြစ်မှုတွေကို မကြာခဏ ကျူးလွန်နေတဲ့ နိုင်ငံခြား ခရီးသွားရဲ့ အပြုအမူတွေဟာ သည်းခံနိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ အမေရိကန် နိုင်ငံသားဟာ ၃ လ ခရီးသွားဗီဇာနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိနေသူ တယောက်ပါ။
ချင်းမိုင် အာဏာပိုင်တွေက သူ့ကို ဖမ်းဆီးပြီးတဲ့နောက်မှာတော့ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဝန်ခံခဲ့ ပါတယ်။ တရားခံရဲ့ဖြောင့်အချက်အရ သူဟာ ပြစ်မှုကျူးလွန်နေချိန်တွေမှာ အရက်သောက်ထားပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ချင်းမိုင် ရဲတပ်ဖွဲ့ကလည်း အမေရိကန် ခရီးသွားကို ပုဂ္ဂလိကပစ္စည်း ဖျက်ဆီးမှု ၊ အများပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ တရားစွဲဆိုထားပြီး တရားရုံးရဲ့ စီရင်ချက် ကို စောင့်ဆိုင်းနေကြပါတယ်။
အခုတကြိမ် ပြစ်မှု ကျူးလွန်ခဲ့တဲ့နေရာကတော့ ချင်းမိုင်မြို့က Maejo တက္ကသိုလ်ဖြစ်ပြီး ပြစ်မှုကျူး လွန်ခဲ့ကြောင်းကို CCTV မှတ်တမ်းတွေကလည်း သက်သေခံနေပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ အမေရိကန်ခရီးသွားကို ထိုင်းအာဏာပိုင်တွေက ဘယ်လိုပြစ်ဒဏ် ချမှတ်သွားမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ထိုင်းအာဏာပိုင်တွေကတော့ ပြစ်မှုကျူးလွန်ခဲ့တဲ့ အမေရိကန်ခရီးသွားနဲ့ ပတ်သက်ပြီး စိတ်ဓာတ်အရည်အသွေး နိမ့်ကျသူလို့ မှတ်ချက်ပေးခဲ့ပါတယ်။
Ref: chiangraitimes, chiangmaicitylife
You may also like these stories:
ထိုင်းခရီးသွားများကို ဆွဲဆောင်ရန် အင်ဒိုနီးရှားက ချင်းမိုင်ထီးပြပွဲတွင် ပါဝင်ဆင်နွဲမည်
ထိုင်းတိရစ္ဆာန်ရုံမှ ပန်ဒါဝက်ဝံ ရုတ်တရက် သေဆုံးမှုကို တရုတ်ဘက်က စုံစမ်းစစ်ဆေး
ထိုင်းက နာမည်ကျော် မာယာပင်လယ်အော်ကို အာဏာပိုင်တွေက ယာယီပိတ်မယ်