၂၀၁၉ ခုနှစ်အတွက် လူနေထိုင်မှု အဆိုးရွားဆုံး မြို့ ၁၀ မြို့ ရဲ့ စာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်ပေးခဲ့ပါတယ်။ Forbes မဂ္ဂဇင်းအနေနဲ့ InterNations က ထုတ်ပြန်တဲ့ အချက်အလက်တွေကို အခြေခံပြီး အဆိုးရွားဆုံးမြို့တွေရဲ့ စာရင်းကို ထုတ်ပြန်ပေးခဲ့ခြင်းပါ။
InterNations မှာ ကမ္ဘာတဝှမ်းလုံးက ကွန်ရက် အကဲဖြတ်သူတွေ ပါဝင်ပြီး ၂၀၁၉ ခုနှစ်အတွက် စစ်တမ်း အသစ်တခုအနေနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။ InerNations ရဲ့ ၃ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ ကမ္ဘာတလွှားက အကဲဖြတ်သူပေါင်း ၂၀,၂၅၉ ဦးထံကနေ စစ်တမ်း ကောက်ယူခဲ့တာပဲ ဖြစ်ပါတယ်။
စစ်တမ်းကောက်ယူသူတွေဟာ လုပ်ငန်းခွင်အခြေအနေ ၊ မြို့ပြလူနေမှု အဆင့်အတန်း ၊ ဒေသခံတွေရဲ့ နေထိုင်မှု ကုန်ကျစရိတ် စတဲ့အချက်တွေကိုအခြေခံပြီး စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီအချက်တွေကိုနှိုင်းယှဉ်လေ့လာပြီး နေထိုင်မှု ကောင်း၊ ဆိုးကို သတ်မှတ်ခဲ့ကြပါတယ်။
၂၀၁၉ ခုနှစ်အတွက် နေထိုင်ဖို့အဆိုးဝါးဆုံးမြို့စာရင်းမှာ ကူဝိတ်စီးတီးက နံပါတ် ၁ နေရာက ရှိနေပါ တယ်။ မြို့ပေါင်း ၈၂ မြို့ကို စစ်တမ်းကောက်ယူခဲ့ရာမှာ ကူဝိတ်စီးတီးက အဆင့် ၈၂ နေရာမှာ ရှိနေ ပါတယ်။ အံ့အားသင့်စရာ ကောင်းတဲ့အချက်ကတော့ ကမ္ဘာ့စူပါပါဝါဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု ရဲ့ မြို့ ၃ မြို့ကလည်း နေထိုင်ဖို့ အဆိုးရွားဆုံးမြို့ ၁၀ မြို့ စာရင်းမှာ ပါဝင်နေတဲ့ အချက်ပါ။
မြို့ပေါင်း ၈၂ မြို့ကို စာရင်းကောက်ယူရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ မြို့ကြီးတွေဖြစ်တဲ့ ဆန်ဖရန်စစ္စကို (အဆင့် ၇၇) ၊ လော့စ်အိန်ဂျယ်လိစ်(အဆင့် ၇၆) ၊ နယူးယောက် (အဆင့် ၇၄ ) ရှိနေပါတယ်။ လော့စ်အိန်ဂျယ်လိစ်နဲ့ ဆန်ဖရန်စစ္စကိုမြို့တွေကတော့ အခုအကြိမ်မှသာ ပထမဆုံးအကြိမ်အဖြစ်ပါဝင်လာတာဖြစ်ပြီး နယူးယောက်မြို့ကတော့ ၂၀၁၈ ခုနှစ်ကထက် အဆင့် ၂၈ အထိ ကျဆင်းသွားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ မြို့ ကြီး ၃ မြို့ စလုံးဟာ အိုးအိမ်နဲ့ဘဏ္ဍာရေးဆိုင်ရာတွေမှာ အဆိုးရွားဆုံး ဖြစ်နေသလို ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုကလည်း နိမ့်ကျနေတာကိုတွေ့ရပါတယ်။ အိုးအိမ်နဲ့ ဘဏ္ဍာရေးဆိုင်ရာ အညွှန်းကိန်းတွေအရ ဆန်ဖရန်စစ္စကိုမြို့ဟာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေအရ ဒဗ္ဗလင်မြို့ ပြီးရင် ဒုတိယမြို့အဖြစ် အဆိုးရွားဆုံးနေရာက ရပ်တည်နေပါတယ်။
နယူးယောက်နဲ့ လော့စ်အိန်ဂျယ်လိစ်မြို့တွေကလည်း ဆန်ဖရန်စစ္စကိုနဲ့ နှိုင်းယှဉ်ရင် ထူးထူးခြားခြားကြီး ကောင်းမွန်နေတာမျိုးတော့ မရှိပါဘူးလို့ InterNations ကို တည်ထောင်သူနဲ့ စီအီးအိုဖြစ်တဲ့ Malte Zeeck က ပြောပါတယ်။
နောက်ထပ် ထူးခြားချက်တခုကတော့ အရှေ့တောင်အာရှနိုင်ငံထဲမှာဆိုရင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ တမြို့တည်းသာ နေထိုင်ဖို့ အဆိုးရွားဆုံးမြို့ ၁၀ မြို့ စာရင်းမှာ ပါဝင်နေတဲ့အချက်ပါ။ InterNations ရဲ့ စစ်တမ်း မှာ ရန်ကုန်မြို့ကလွဲပြီး ကျန်တဲ့ အရှေ့တောင်အာရှက မြို့တွေ တမြို့ မှ မပါဝင်ပါဘူး။ ဒါကြောင့်လည်း ရန်ကုန်မြို့ဟာ အရှေ့တောင်အာရှမှာ နေထိုင်ဖို့ အဆိုးရွားဆုံး မြို့စာရင်းမှာ နံပါတ် ၁ နေရာက ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။
လူနေမှုစနစ် အညွှန်းကိန်းတွေမှာဆိုရင်လည်း တခြားမြို့တွေနဲ့ နှိုင်းယှဉ်ရင် ရန်ကုန်မြို့က အဆိုးရွားဆုံး နေရာမှာ ရှိနေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း ညံ့ဖျင်းတာကို တွေ့နိုင်ပါတယ်။ စစ်တမ်းမှာ ဖော်ပြချက်တွေအရ ရန်ကုန်မြို့ဟာ လုံခြုံရေးပိုင်းမှာ အားနည်းသလို မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်ကလည်း အန္တရာယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်အတွက် နေထိုင်ဖို့ အဆိုးရွားဆုံး မြို့ ၁၀ မြို့ကတော့
(၁) ကူဝိတ်စီးတီး ၊ ကူဝိတ်နိုင်ငံ (အဆင့် ၈၂)
(၂) ရောမမြို့ ၊ အီတလီနိုင်ငံ (အဆင့် ၈၁)
(၃) မီလန်မြို့ ၊ အီတလီနိုင်ငံ (အဆင့် ၈၀)
(၄) လေးဂို့စ်မြို့ ၊ နိုင်ဂျီးရီးယားနိုင်ငံ (အဆင့် ၇၉)
(၅) ပဲရစ်မြို့ ၊ ပြင်သစ်နိုင်ငံ (အဆင့် ၇၈)
(၆) ဆန်ဖရန်စစ္စကိုမြို့ ၊ အမေရိကန်ပြည်ထောင်စု(အဆင့် ၇၇)
(၇) လော့စ်အိန်ဂျယ်လစ်မြို့ ၊ အမေရိကန်ပြည်ထောင်စု (အဆင့် ၇၆)
(၈) လီမာမြို့ ၊ ပီရူးနိုင်ငံ (အဆင့် ၇၅)
(၉) နယူးယောက်မြို့ ၊ အမေရိကန်ပြည်ထောင်စု (အဆင့် ၇၄) နဲ့
(၁၀) ရန်ကုန်မြို့ ၊ မြန်မာနိုင်ငံ (အဆင့် ၇၃) တို့ ဖြစ်ကြပါတယ်။
နေထိုင်ဖို့ အဆိုးရွားဆုံး မြို့ ၁၀ မြို့ စာရင်းမှာ ရန်ကုန်မြို့ပါဝင်နေတာဟာ ရှက်စရာကောင်းတဲ့ ကိစ္စတခု မဟုတ်တဲ့အကြောင်း ဒီဇင်ဘာ ၉ ရက်နေ့က မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ သတင်းမီဒီယာများနဲ့တွေ့ဆုံပွဲမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသွားခဲ့ပါတယ်။
Ref: forbes
You may also like these stories:
၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ အကောင်းဆုံး ကမ်းခြေစာရင်းမှာ ငပလီ ပါဝင်
ကမ္ဘာ့အလုံခြုံဆုံး မြို့ ၆၀ စာရင်းမှာ ရန်ကုန်မြို့က အဆင့် ၅၈ နေရာမှာရှိနေ
၂၀၁၉ ခုနှစ်အတွက် ပျားရည်ဆမ်းခရီးသွားလို့ကောင်းတဲ့ နေရာများ
၂၀၁၉ ခုနှစ်အတွက် အာရှတိုက်မှာ အချမ်းသာဆုံး နိုင်ငံများ