နှစ်ပေါင်း ၁၄၀၀ နီးပါး ရောမအင်ပါယာလို ထင်ရှားကျော်ကြားခဲ့တဲ့မြို့တမြို့ အီသီယိုပီးယားနိုင်ငံမှာ ရှိခဲ့ဖူးပါတယ်။ အရှေ့အာဖရိကမှာ ရာစုနှစ်ပေါင်းများစွာအင်အားကြီးမားခဲ့တဲ့ Aksum မြို့တော်ဟာ ဥစ္စာဓနရော ၊ အာဏာကြီးစိုးမှု အပိုင်းမှာပါ ရောမအင်ပါယာနီးပါး ကြီးကျယ်ခမ်းနားခဲ့ဖူးသလို ကုန်သွယ်ရေးဗဟိုဌာနလည်း ဖြစ်ခဲ့ဖူးပါတယ်။
တချိန်က စည်ကားခမ်းနားခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ သုဿန်တစပြင်လို ခြောက်ကပ်ပြီး အီသီယိုးပီးယား နိုင်ငံက ပျောက်ကွယ်သွားခဲ့တဲ့ ရှေးဟောင်း Aksum မြို့တော်ကို ရှေးဟောင်း သုတေသနသမားတွေက ပြန်လည် ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ ပျောက်ကွယ်သွားတဲ့ရှေးဟောင်းမြို့ တော်ကြီးဟာ အီသီယိုးပီးယားယဉ်ကျေးမှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
“အခုတွေ့ရှိခဲ့တဲ့ ရှေးဟောင်းမြို့တော်ကြီးဟာ သမိုင်းကြောင်းမှာ အရေးပါတဲ့မြို့တော်ဖြစ်သလို ရှေးဟောင်း ယဉ်ကျေးမှု နဲ့ပတ်သက်လို့ လေ့လာမယ်ဆိုရင်လည်း တကယ်ကိုအရေးကြီးတဲ့ နေရာပါ။ ဒါပေမယ့်လည်း အီသီယိုးပီးယားနိုင်ငံမှာ အင်မတန်စည်ကားခဲ့တဲ့ ရှေးဟောင်းမြို့တော်ကြီးတည်ရှိ ခဲ့ဖူးတာကို လူတွေမသိကြပါဘူး” လို့အမေရိကန်ပြည်ထောင်စု ၊ မေရီလန်းပြည်နယ် ၊ ဘာလ်တီမိုး မြို့က ဂျွန်ဟုပ်ကင်းတက္ကသိုလ်မှာ ရှေးဟောင်း သုတေသနဘာသာရပ်ကို သင်ကြားပေး နေတဲ့ ပါမောက္ခ မိုက်ကယ်ဟာရိုဝါးက ပြောပါတယ်။
တဆက်တည်းမှာပဲ ပါမောက္ခဟာရိုဝါးက အခုတူးဖော်တွေ့ရှိခဲ့တဲ့ ရှေးဟောင်းမြို့တော်ဟာ အီဂျစ် နဲ့ ဆူဒန်နိုင်ငံပြီးရင် အာဖရိကမှာ အစောဆုံးတွေ့ရှိရတဲ့ အရှုပ်ထွေးဆုံးလူ့အဖွဲ့အစည်း (သို့မဟုတ်) ယဉ်ကျေးမှုဗဟိုချက်ကြီးပါပဲ လို့ ပြောပါတယ်။
Aksum အင်ပါယာကြီးအနေနဲ့ အရှေ့အာဖရိကနဲ့ အာရေဗျအစိတ်အပိုင်းတချို့ကို ဘီစီ ၈၀ ကနေ အေဒီ ၈၂၅ အထိ လွှမ်းမိုးကြီးစိုးထားနိုင်ခဲ့ပါတယ်။ ရောမ ၊ ပါရှား ၊ တရုတ်အင်ပါယာကြီးတွေနဲ့ အတူ သြဇာကြီးမားခဲ့တဲ့ Aksum အင်ပါယာအတွင်းမှာ ကျောက်တုံးကျောက်ဆောင်ကြီးတွေကို ဒီကနေ့ခေတ်တိုင်တွေ့နိုင်ပါသေးတယ်။
Aksum ယဉ်ကျေးမှု ဘယ်လို တိုးတက်ဖွံ့ဖြိုးလာခဲ့သလဲ ဆိုတာကိုတော့ ဘယ်သူမှ သေသေချာချာ မပြောနိုင်ကြ သေးပါဘူး။ Aksum အင်ပါယာရဲ့ အစောဆုံးယဉ်ကျေးမှုဟာ အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်းက ယီဟာမြို့မှာ ဗဟိုပြုခဲ့နိုင်ပါတယ်။
ယီဟာမြို့တော်မှာဆိုရင်တော့ ရှေးကျတဲ့အရေး အသားတွေနဲ့ ဗိသုကာလက်ရာတွေကို တွေ့ရှိနိုင်ပါတယ်။ ဒါကြောင့်လည်း ပါမောက္ခ ဟာရိုဝါးနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အဲဒီပတ်ဝန်းကျင်တွေကို သုတေသန ပြုနေကြ ပါတယ်။
ဒေသခံတွေနဲ့ဆွေးနွေးပြီးနောက်ပိုင်းမှာတော့ ပါမောက္ခဟာရိုဝါးနဲ့ အဖွဲ့ဟာ ရွာတရွာအနီးမှာရှိတဲ့ တောင်ကုန်းတခုကို တူးဖော်ကြည့်ခဲ့ရာမှာ ကျောက်နံရံတခုရဲ့ အကြွင်းအကျန်တွေကို တွေ့ရှိခဲ့ကြ ပါတယ်။ ဒီတွေ့ရှိမှုဟာ အီသီယိုးပီးယားနိုင်ငံတော်ဟာ တချိန်က ဘယ်လိုခမ်းနားခဲ့တယ်ဆိုတဲ့ အကြောင်းကို ဖော်ပြနေပါတယ်။
သမိုင်းရဲ့မေ့လျော့ခြင်းကိုခံခဲ့ရတဲ့ Aksum အင်ပါယာကြီးရဲ့ ကြီးကျယ်ခမ်းနားမှုတွေကို သုတေသန သမားတွေက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း တချိန်ကခမ်းနားခဲ့တဲ့ အီသီယိုးပီး ယားနိုင်ငံရဲ့ ယဉ်ကျေးမှုကို လူတွေလေ့လာနိုင်တော့မှာပဲ ဖြစ်ပါတယ်။
Ref:newscientist
You may also like these stories:
အီသီယိုးပီးယား လေယာဉ်ပျက်ကျမှု အင်ဒိုနီးရှားနှင့် ဆင်တူ
လူကြိုက်အများဆုံး မြို့ ၁၀၀ စာရင်းမှာ အဆင့် ၇ နေရာက ရပ်တည်ခဲ့တဲ့ ဒူဘိုင်း