တိရစ္ဆာန်တွေလည်း လူတွေရဲ့ တိုက်ခိုက်မှုခံရသလို လူတွေလည်း တိရစ္ဆာန်တွေရဲ့ တိုက်ခိုက်မှုကို ခံရတတ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်မြို့က Sae Hill Viewpoint ကို လာရောက် လည်ပတ်တဲ့ ရုရှားနိုင်ငံသားတဦးဟာ မျောက်တကောင်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။
ဆိုရှယ်မီဒီယာတွေပေါ်အထိ ရောက်ရှိခဲ့တဲ့ ဗီဒီယိုဖိုင်မှာတော့ ရုရှားခရီးသွားရဲ့ လက်မောင်းကနေ သွေးတွေ ဖြာကျနေတာကို မြင်ရပြီး နောက်ထပ် ခရီးသွားတဦးက ကူညီဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။
စေတနာ့ ဝန်ထမ်းအနေနဲ့ တောင်ပေါ်က မျောက်တွေကို စောင့်ရှောက်သူတွေရဲ့ အပြောအရ “ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ မျောက်တွေဟာ တောင်ပေါ်ကို ရောက်လာတဲ့ လူတွေကို မကြာခဏတိုက်ခိုက်လေ့ရှိပြီး နိုင်ငံခြားသား ခရီးသည်တွေကို အများအားဖြင့် တိုက်ခိုက်လေ့ရှိတယ်”လို့ ဆိုပါတယ်။
ဒီလို တိုက်ခိုက်ခံရတဲ့ အကြောင်းက တောင်ပေါ်က နေရာအတော်များများမှာ ထိုင်း၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှားစတဲ့ ဘာသာစကားတွေနဲ့ ရေးသားဖော်ပြထားတဲ့ သတိပေး လမ်းညွှန်ချက်တွေကို မလိုက်နာကြတဲ့အတွက် မျောက်တွေရဲ့ တိုက်ခိုက်မှု ခံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
မျောက်တွေကို အစားကျွေးမယ့် နိုင်ငံခြားခရီးသွားတွေအနေနဲ့လည်း လက်နဲ့ အစာပေးတာမျိုး မလုပ်သင့်ဘဲ မြေပြင်ပေါ်ကို ပစ်ချပြီးမှသာ ကျွေးသင့်တဲ့အကြောင်း၊ မျောက်တွေကိုလည်း လက်နဲ့ မကိုင်သင့်တဲ့အကြောင်း အကြံပြုထားပါတယ်။
အဖြစ်အပျက်ကို အစအဆုံးမြင်ခဲ့တဲ့ Sae တောင်တက်ကလပ်အသင်းဝင် တယောက်ဖြစ်သူ Krich Thepbamrung ရဲ့ အပြောအရ ရုရှားခရီးသွားကို ဒီဇင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းလောက် က Viewpoint အနီး အဖျော်ယမကာဆိုင်ရှေ့မှာ မျောက်တကောင်က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့ ရုရှားခရီးသွားဟာ တောင်ပေါ်ကို ဓာတ်ပုံရိုက်ဖို့ မော်တော်ဆိုင်ကယ်နဲ့ တယောက်တည်း လာရောက်ခဲ့ပြီး မျောက်တွေကို လက်နဲ့ တိုက်ရိုက် အစာကျွေးခဲ့ပါတယ်။ အဲဒီလို အစာကျွေးနေချိန်မှာပဲ မျောက်အုပ်ထဲက မျောက်တကောင်က သူ့ကို တိုက်ခိုက်ခဲ့ပါတယ်။
Sae Hill Viewpoint ကို လာရောက်ကြသူတွေကို မျောက်တွေက တနေ့ ၃၊ ၄ ကြိမ် တိုက်ခိုက်လေ့ ရှိပြီး အများစုကတော့ နိုင်ငံခြားခရီးသွား အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ကြပါတယ်။ အခုလို တိုက်ခိုက်ခံနေရတာဟာ အစာကျွေးပြီးတဲ့ မျောက်တွေကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားတဲ့အတွက်ကြောင့် လည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း Sae Hill Viewpoint ကို အလည်အပတ်သွားကြတဲ့ ခရီးသွားတွေအနေနဲ့ သတ်မှတ်ထားတဲ့ ခရီးသွားလမ်းညွှန်တွေကို တိတိကျကျ လိုက်နာသင့်သလို မျောက်တွေကို လက်နဲ့ တိုက်ရိုက်အစာကျွေးတာ၊ ဓာတ်ပုံရိုက်တာတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
Ref: thethaiger
You may also like these stories:
လူတွေ ဓာတ်ပုံရိုက်သလို ပို့စ်ပေးကြတဲ့ အာဖရိကက ဂေါ်ရီလာ မျောက်ဝံနှစ်ကောင်
မိကျောင်း မျက်လုံးကို နှိုက်ထုတ်ပြီး အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ အမျိုးသား
နယူးဇီလန်နိုင်ငံမှာ မီးတောင် ပေါက်ကွဲမှုကြောင့် ခရီးသွားအချို့ သေဆုံး၊ ဒဏ်ရာရခဲ့