အာရပ်စော်ဘွားများပြည်ထောာင်စု (UAE) မှာပါဝင်တဲ့ ဒူဘိုင်းမြို့ဟာ ပါရှန်းပင်လယ်ကွေ့တောင် ဘက်၊ အာရပ်ကျွန်းစွယ်ပေါ်မှာ တည်ရှိပြီး အာရပ်စော်ဘွားများပြည်ထောင်စုမှာ အဘူဒါဘီမြို့ ပြီးရင် ဒုတိယမြောက် လူဦးရေအများဆုံးနဲ့ မြေနေရာ အကျယ်ဆုံးမြို့လည်း ဖြစ်ပါတယ်။
ရေနံကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြပြီး ကမ္ဘာပေါ်မှာ အချမ်းသာဆုံးမြို့စာရင်းဝင် ဒူဘိုင်းမြို့ကို နိုင်ငံတကာခရီးသွားတွေ သွားရောက် လည်ပတ်ကြဖို့ စိတ်ဝင်စားကြပါတယ်။ စိတ်ဝင်စားတဲ့အကြောင်းရင်းကလည်း ကျန်တဲ့အရပ်ဒေသတွေမှာ တွေ့ရလေ့ မရှိတဲ့ ထူးထူးဆန်းဆန်း အရာတွေကို ဒူဘိုင်းမြို့မှာ တွေ့မြင်နိုင်တဲ့အတွက်ကြောင့်ပါ။
အခုလည်း ဒူဘိုင်းမြို့မှာ ကမ္ဘာ့အမြင့်ဆုံး ဇိမ်ခံ ဟိုတယ်ကြီးတလုံးကို တည်ဆောက်နေပြီး ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ဖွင့်လှစ်နိုင်တော့မယ်လို့ သိရပါတယ်။ ဇိမ်ခံအခန်းပေါင်း ၁,၂၀၉ ခန်းပါဝင်တဲ့ Ciel ဟိုတယ်ရဲ့အမြင့်က မီတာ ၃၆၀ (ပေ ၁၁၈၂) အမြင့် ရှိပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စုမှာ ၂၀၁၂ လောက်ကတည်းက အမြင့် ၃၅၅ ၊ ၃၅၆ မီတာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဇိမ်ခံ ဟိုတယ်ကြီးတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း စည်းစိမ်ဓန ကြွယ်ဝသူတွေဟာ နဂိုရှိရင်းထက် ပိုကောင်းတာကိုသာ လိုချင်ကြတဲ့အတွက် အခုလို ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်ကြီးကို ဆောက်လုပ်နေခြင်းလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်ကပဲ လန်ဒန်မြို့မှာ ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ အိမ်ခြံမြေအကျိုးဆောင်ဆုကို ပေးအပ်ခဲ့ရာမှာ အခုဆောက်လုပ်နေတဲ့ ဒူဘိုင်းဟိုတယ်က အာရေဗျအတွင်း အကောင်းဆုံး ဟိုတယ်ဗိသုကာဆုအပြင် နိုင်ငံတကာ အကောင်းဆုံး ဟိုတယ်ဗိသုကာဆုတွေကိုလည်း ရရှိခဲ့ပါတယ်။
ဒူဘိုင်းမြို့ဟာ ရေနံလုပ်ငန်းအပြင် ခရီးသွားလုပ်ငန်းကိုလည်း ပိုမိုတိုးတက်လာအောင် ဆောင်ရွက် လာပါတယ်။ ယူကေအခြေစိုက် ဈေးကွက်သုတေသနကုမ္ပဏီတခုဖြစ်တဲ့ Euromonitor က ၂၀၁၉ ခုနှစ်အတွက် လူကြိုက်အများဆုံး မြို့ ၁၀၀ ကိုရွေးချယ်ပေးခဲ့ရာမှာ ဒူဘိုင်းမြို့က Top 10 စာရင်း ဝင်ခဲ့ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ အချက်အချာမြို့ ဖြစ်တဲ့ ဒူဘိုင်းမြို့ကို ၂၀၁၉ ခုနှစ်အတွင်း ခရီးသွားပေါင်း ၁၆ ဒဿမ ၃ သန်း လာရောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း အရှေ့အလယ်ပိုင်းဒေသမှာ တော့ ဒူဘိုင်းမြို့ဟာ ခရီးသွားလုပ်ငန်းအနေနဲ့ တိုးတက်နေတဲ့မြို့တမြို့လို့ ဆိုနိုင်ပါတယ်။ တနှစ်ထက်တနှစ် ခရီးသွားအရေအတွက်က ပိုမိုများလာခဲ့ပါတယ်။
ဒူဘိုင်းမြို့ဟာ ရေနံကနေရတဲ့ ဝင်ငွေတွေကြောင့် ခေတ်မီမြို့ပြဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကစလို့ ဒူဘိုင်းမြို့အပါအဝင် အာရပ်စော်ဘွားများ ပြည်ထောင်စုအနေနဲ့ ရေနံကရတဲ့ ဝင်ငွေ ၅ ရာခိုင်နှုန်းလျော့နည်းလာခဲ့ပါတယ်။
ရေနံထွက်ရှိမှုပမာဏလျော့နည်းလာတဲ့အတွက် အကန့်အသတ်နဲ့သာ ရေနံထုတ်နေကြပြီး ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊ အိမ်ခြံမြေအရောင်းအဝယ်၊ ဘဏ္ဍာရေး ဝန်ဆောင်မှု စတဲ့လုပ်ငန်းတွေကနေ ဝင်ငွေရအောင် ဆောင်ရွက်လာကြပါတယ်။
Ref:arabianbusiness,thenational.ae
You may also like these stories:
လူကြိုက်အများဆုံး မြို့ ၁၀၀ စာရင်းမှာ အဆင့် ၇ နေရာက ရပ်တည်ခဲ့တဲ့ ဒူဘိုင်း
သယံဇာတအပေါ် မမှီခိုဘဲ ခရီးသွားလုပ်ငန်းကို ပိုပြီး အာရုံ စိုက်လာတဲ့ ဒူဘိုင်း
၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အဦမျ