Travel

ခရစ္စမတ်နဲ့ နှစ်ကူးကာလအတွင်း အကြမ်းဖက်မှုတွေ သတိထားဖို့ အီတလီနိုင်ငံ ထုတ်ပြန်

ဒီနေ့ခေတ် ကမ္ဘာကို ခြိမ်းခြောက်နေတာကတော့ အကြမ်းဖက်ဝါဒပါ။ အကြမ်းဖက်ဝါဒ ကိုင်စွဲထားကြတဲ့ အကြမ်းဖက်သမားတွေဟာ နေရာစုံမှာ ပုံစံမျိုးစုံနဲ့ ပေါ်ပေါက်လာတတ်ပြီး ကမ္ဘာကြီးကို ဒုက္ခပေးလေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း အစွန်းရောက် အကြမ်းဖက်သမားတွေကို လူတွေက အချိန်တိုင်းကြောက်ရွံ့နေကြရပါတယ်။

အီတလီနိုင်ငံမှာကျင်းပတဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ကို ခရီးသွားပေါင်း ၄ သန်းနဲ့ ၇ သန်းအကြား နှစ်စဉ် လာရောက်လည်ပတ်လေ့ ရှိကြပါတယ်။ ခရစ္စမတ်ကာလအတွင်း ခရီးသွားတွေ သဘောအကျဆုံးနေရာကတော့ ခရစ္စမတ် ဈေးရောင်းပွဲတော်ပါ။ ဥရောပနိုင်ငံတွေရဲ့ မြို့တော်တိုင်းမှာ ခရစ္စမတ်ဈေးရောင်းပွဲတော်ကို စည်စည်ကားကား ကျင်းပလေ့ ရှိကြပါတယ်။

ဒါပေမဲ့ ကံမကောင်း အကြောင်း မလှစွာနဲ့ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကစလို့ ခရစ္စမတ် ဈေးရောင်းပွဲတော်တွေဟာ အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း အီတလီအာဏာပိုင်တွေက ခရစ္စမတ်ကာလအတွင်း ခရီးသွားတွေ ဘေးအန္တရာယ်ကင်းဖို့နဲ့ ခရစ္စမတ်ကာလကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့အတွက် ခရီးသွား သတိပေးချက်တွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။

လူကြိုက်များတဲ့ ခရစ္စမတ်ဈေးပွဲတော်တွေကိုတော့ အီတလီနိုင်ငံရဲ့ မီလန်၊ ရောမ၊ ဘောလ်ဇာနိုနဲ့ ဖလောရင့်စ်မြို့တွေမှာ ကျင်းပလေ့ရှိပါတယ်။ ဒါကြောင့်လည်း ဖော်ပြခဲ့တဲ့မြို့တွေမှာ ခရစ္စမတ်ကာလကို ကုန်ဆုံးချင်သူတွေအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ပိုပြီး သတိထားဖို့ လိုအပ်ပါတယ်။

အကြမ်းဖက်သမားတွေနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို အီတလီ တနိုင်ငံတည်းတင် မဟုတ်ဘဲ ဥရောပနိုင်ငံ အနှံ့မှာလည်း ထုတ်ပြန်ထားပါတယ်။

FCO (The Foreign and Commonwealth Office) ကလည်း “ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော် ကျင်းပနေတဲ့အချိန်ကာလမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို အဓိက ခံရနိုင်ဖွယ် ရှိပါတယ်။ ဒါကြောင့်လည်း ခရစ္စမတ်ဈေးပွဲတော် အပါအဝင် အခြား လူစည်ကားတဲ့နေရာတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချသွားဖို့ ရှိပါတယ်။ ခရီးသွားတွေအနေနဲ့လည်း ဒေသခံအာဏာပိုင်တွေထုတ်ပြန်ထားတဲ့ အကြံပေးချက်တွေကို လိုက်နာဖို့နဲ့ သတိရှိရှိနေကြဖို့ လိုအပ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Ref:express.co.uk

You may also like these stories:

ခရစ္စမတ်အကြိုညမှာ ရုတ်တရက် နှလုံးဖောက်နိုင်ခြေ ပိုများရတဲ့အကြောင်းရင်း

ခရစ်စမတ် နီးလာတာနဲ့အမျှ ဗက်သလင်ဟမ်မြို့မှာ တည်းခိုခန်းများ လူပြည့်နှက်နေ

ခရစ္စမတ်မှာ စာအုပ်လက်ဆောင် ပေးလေ့ရှိတဲ့ ကမ္ဘာ့ဘေးအကင်းဆုံး Iceland နိုင်ငံ

Loading