တနှစ်ထက်တနှစ် ဆိုသလို သဘာဝ တောရိုင်း တိရစ္ဆာန် အရေအတွက်က နည်းပါးလာတဲ့အတွက် တောရိုင်းတိရစ္ဆာန် လေ့လာရေး ခရီးသွားလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်လာကြပါတယ်။
ဒေသအလိုက် လုပ်ဆောင်နေကြတဲ့ တောရိုင်းတိရစ္ဆာန် လေ့လာရေး ခရီးသွားလုပ်ငန်းတွေမှာ အောင်မြင်တဲ့နိုင်ငံ ရှိသလို အောင်မြင်မှု သိပ်မရှိတဲ့ နိုင်ငံတွေလည်း ရှိနေပါတယ်။ သဘာဝတောရိုင်းတိရစ္ဆာန် လေ့လာရေး ခရီးသွားလုပ်ငန်းမှာ အအောင်မြင်ဆုံးနိုင်ငံကတော့ ဖင်လန်နိုင်ငံပါ။
ဖင်လန်နိုင်ငံအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ရေရှည်ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ထားနိုင်တဲ့အပြင် ထူးခြားတဲ့ ဇီဝမျိုးစိတ်ကွဲပေါင်း များစွာကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်တဲ့အတွက် ၂၀၁၉ ခုနှစ် သဘာဝ တောရိုင်းတိရစ္ဆာန် လေ့လာရေး ခရီးသွားလုပ်ငန်းမှာ အအောင်မြင်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
အခုဆိုရင် တောဆင်ရိုင်းတွေလည်း တဖြည်းဖြည်း ရှားပါးလာခဲ့ပေမယ့် သီရိလင်္ကာနိုင်ငံမှာတော့ ရာချီတဲ့ တောဆင်ရိုင်းတွေကို တွေ့ရှိနိုင်ပါသေးတယ်။ အကောင်အရေအတွက် အတိအကျတော့ မသိရသေးပါဘူး။
ကမ္ဘာ့တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ရဲ့ သုတေသန အစီရင်ခံစာအရ အာရှနိုင်ငံမှာရှိတဲ့ ဆင်အများစုကို ခရီးသွားလုပ်ငန်းတွေမှာ အသုံးချနေပြီး သီရိလင်္ကာနိုင်ငံမှာတော့ တောဆင်ရိုင်း ၅ ထောင် နဲ့ ၆ ထောင်အကြား ရှိနေဦးမယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း အာရှဒေသမှာဆိုရင် သီရိလင်္ကာနိုင်ငံရှိတဲ့ တောဆင်ရိုင်းအရေအတွက်က အများဆုံး ဖြစ်ပါတယ်။
အာရှနိုင်ငံအချို့ရဲ့ ခရီးသွားလုပ်ငန်းတွေမှာ ဆင်တွေကို အသုံးချခိုင်းစေတာမျိုး ရှိနေပါတယ်။ ဒါကြောင့်လည်း တိရစ္ဆာန် အခွင့်အရေး လှုပ်ဆောင်သူတွေအနေနဲ့ တိရစ္ဆာန်တွေကို နာကျင်စေတဲ့ ခရီးသွားလုပ်ငန်းတွေကို ဆက်လက် မပြုလုပ်ကြဖို့ တောင်းဆိုနေတာတွေလည်း ရှိပါတယ်။ ကမ္ဘော ဒီးယားနိုင်ငံမှာဆိုရင်လည်း အန်ကောဝပ်ကျောင်းတော်အတွင်း ဆင်စီးပြီး လည်ပတ်တာကို အရင်က ခွင့်ပြုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တားမြစ်သွားဖို့ ရှိနေပါတယ်။
သီရိလင်္ကာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအနေနဲ့ တောဆင်ရိုင်းတွေကို အများဆုံး တွေ့ရှိနိုင်တဲ့ နေရာကတော့ ယာလာအမျိုးသားဥယျာဉ်ပါ။ ယာလာအမျိုးသားဥယျာဉ်ကြီးဟာ နိုင်ငံတကာခရီးသွား အများအပြား လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာဖြစ်သလို သီရိလင်္ကာနိုင်ငံမှာ ဒုတိယအကြီးဆုံး ဥယျာဉ်လည်း ဖြစ်ပါတယ်။
ယာလာအမျိုးသားဥယျာဉ်ကြီးဟာ ၉၇၉ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ကိုလံဘိုမြို့နဲ့ မိုင် ၁၉၀ ကျော်အဝေးမှာ တည်ရှိပါတယ်။ ဒီဥယျာဉ်ကြီးအတွင်း တောရိုင်းတိရစ္ဆာန် အမျိုးမျိုးကို ထိန်းသိမ်းစောင့်ရှောက်ထားသလို သီရိလင်္ကာဆင်နဲ့ သီရိလင်္ကာကျားသစ်တွေကို အထူးဦးစားပေးအနေနဲ့ စောင့်ရှောက်ထားပါတယ်။ အာဖရိကဆင်တွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ သီရိလင်္ကာဆင်တွေက နားရွက်သေးပြီး အထီးမှာသာ ဆင်စွယ် ပါရှိပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ဆင်တွေကို နောက်ထပ် အများဆုံး တွေ့နိုင်တဲ့နေရာကတော့ Minneriya အမျိုးသား ဥယျာဉ်ကြီးပါ။ အဲဒီဥယျာဉ်မှာဆိုရင် တနေရာတည်း အုပ်စုဖွဲ့ကျက်စားနေတဲ့ ဆင်ကောင်ရေ ၂၀၀ လောက်ကို တပြိုင်နက် တွေ့နိုင်ပါတယ်။ စားကျက်မြေ ကောင်းကောင်းရှိတဲ့အတွက် ဆင်တွေအနေနဲ့လည်း အစာရှာဖွေ စားသောက်လွယ်ကူပြီး နိုင်ငံတကာ ခရီးသွား အများအပြား လာရောက်လည်ပတ်လေ့ရှိတဲ့ ဥယျာဉ်ပါ။
အခုနောက်ပိုင်းကာလတွေမှာ “Food Tourism”, “Dark Tourism”, “Wildlife Tourism”, “Sex Tourism” စတာတွေ ကမ္ဘာမှာခေတ်စားလာနေပါတယ်။ ဒါကြောင့်လည်း တောဆင်ရိုင်းတွေကို အများအပြား တွေ့နေနိုင်သေးတဲ့ သီရိလင်္ကာနိုင်ငံက ဥယျာဉ်တွေကို နိုင်ငံတကာ ခရီးသွား အများအပြား လာရောက်လည်ပတ်လေ့ ရှိကြတယ်။ ခရီးသွားလုပ်ငန်းမှာ ဆင်တွေကို ခိုင်းစားပြီး စီးပွားရှာနေကြတဲ့ နိုင်ငံတွေအနေနဲ့လည်း ဆင်ဆင်ခြင်ခြင် ပြုမူ ဆောင်ရွက်သင့်ပါတယ်။
Ref: yogawinetravel, journalistontherun
You may also like these stories:
သီရိလင်္ကာနိုင်ငံက ပထမဆုံးဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်
ဗုဒ္ဓဂါယာကို ကမ္ဘာ့အဆင့်အတန်းမီ နေရာဖြစ်လာအောင် ဆောင်ရွက်နေတဲ့ အိန္ဒိယအစိုးရ
နိုင်ငံတကာ ခရီးသွားတွေကို အစားအသောက်ကောင်းတွေနဲ့ ဆွဲဆောင်ဖို့ ကြိုးစားနေတဲ့ သီရိလင်္ကာနိုင်ငံ