ပြည်တွင်းခရီးပဲဖြစ်ဖြစ်၊ ပြည်ပခရီးသွားတာမျိုးပဲဖြစ်ဖြစ် လိုက်နာရမယ့် အခြေခံအချက်ဆိုတာ ရှိပါတယ်။ ဒီအချက်တွေကို လိုက်နာမှသာလည်း ခရီးစဉ်တလျှောက် ပျော်ရွှင်မှုကို ရရှိပါလိမ့်မယ်။ အရေးကြီးတာကတော့ ကိုယ်သွားရောက်မယ့် ဒေသက ဒေသခံတွေနဲ့ အဆင်ပြေပြေ နေနိုင်ဖို့လိုအပ်ပါတယ်။ ဒါမှလည်း ကိုယ်မသိကျွမ်းတဲ့ ဒေသမှာ ဒေသခံတွေရဲ့ အကူအညီကို ရရှိနိုင်ပါတယ်။
လူအများစုက ခရီးတွေ အများကြီး ထွက်နေကြပေမယ့်လည်း ဒေသခံတွေကို မထီလေးစားတဲ့ အပြုအမူမျိုး ခရီးသွားတချို့က ပြုလုပ်တတ်ကြပါတယ်။ ဒါဟာ တကယ်ကို မှားယွင်းတဲ့ အပြုအမူပါ။ ဒေသခံတွေရဲ့ အမုန်းကို ရရှိတာက ခရီးသွားတွေကို ဘာအကျိုးမှ မဖြစ်ထွန်းစေနိုင်တဲ့အတွက် ဒေသခံတွေနဲ့ သင့်မြတ်အောင် နေထိုင်သင့်ပါတယ်။
ခရီးသွားတဲ့အခါ လိုက်နာသင့်တဲ့ အခြေခံအချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ခွင့်မတောင်းဘဲ ဓာတ်ပုံ မရိုက်သင့်ပါ
လူတိုင်း ဖုန်းတလုံး အလွယ်တကူ ကိုင်နေကြတဲ့ ခေတ်ကာလကြီးမှာ ဓာတ်ပုံတပုံ ရိုက်ဖို့ဆိုတာ ဘာမှ မခဲယဉ်းပါဘူး။ ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသတွေကို ရောက်ကြတဲ့အခါ လူတိုင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးချင်တတ်ကြပါတယ်။ ကိုယ်တယောက်တည်း သီးသန့် ဓာတ်ပုံ ရိုက်တာမျိုးက ပြဿနာ မရှိပေမယ့် သူတပါး ပိုင်ဆိုင်တာ တခုခုနဲ့ ပတ်သက်ပြီး ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်တော့ သက်ဆိုင်သူတွေဆီက ခွင့်ပြုချက်ကို တောင်းခံသင့်ပါတယ်။
ကိုယ်ဓာတ်ပုံ ရိုက်ချင်တဲ့ နေရာက သူတပါး စိုက်ပျိုးထားတဲ့ ပန်းခင်းကြီးတွေ ဖြစ်နေမယ်ဆိုရင် ကိုယ့် သဘောနဲ့ကိုယ် ဓာတ်ပုံ ဝင်ရိုက်တာမျိုးက မသင့်တော်တဲ့အတွက် ခွင့်ပြုချက် တောင်းပြီးမှသာ ဓာတ်ပုံရိုက်သင့်ပါတယ်။
(၂) အထိမ်းအမှတ် နေရာတွေကို လေးစားပါ
နိုင်ငံတိုင်းမှာ အထိမ်းအမှတ်အဖြစ် လုပ်ထားတဲ့ နေရာမျိုးတွေ ရှိကြပါတယ်။ အဲဒီနေရာတွေဟာ နိုင်ငံကိုယ်စားပြု ပုဂ္ဂိုလ်တွေရဲ့ နေရာလည်း ဖြစ်ချင်ဖြစ်မယ်၊ သမိုင်းကြောင်းအရ အဖိုးမဖြတ်နိုင်တဲ့ နေရာလည်း ဖြစ်ချင်ဖြစ်မယ်၊ လူူမျိုးနဲ့ နိုင်ငံကို ကိုယ်စားပြုတဲ့ နေရာလည်း ဖြစ်ချင်ဖြစ်ပါမယ်။
လူတွေက တလေးတစား နေရာပေးထားတဲ့ အထိမ်းအမှတ်လို နေရာမျိုးတွေမှာလည်း မထီမဲ့မြင် ပြုတဲ့ အပြုအမူမျိုး မပြုလုပ်သင့်ပါဘူး။ ဝမ်းနည်းကြေကွဲစရာ နေရာမျိုးတွေမှာ ဖုန်းပြောနေတာ၊ သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား လုပ်နေတာမျိုးကိုလည်း အထူး ရှောင်ကြဉ်သင့်ပါတယ်။
(၃) သက်ဆိုင်ရာနိုင်ငံရဲ့ဘာသာတရားကို လေးစားပါ
ကိုယ်က ဘယ်ဘာသာကိုပဲ ကိုးကွယ်နေပါစေ၊ ကိုယ်ရောက်သွားတဲ့ ဒေသဟာ ဘာသာခြားတွေ နေထိုင်တဲ့ဒေသ ဖြစ်နေခဲ့မယ်ဆိုရင် သူတို့ ဘာသာတရားကို လေးစား အသိအမှတ်ပြုတဲ့ အမူအရာမျိုး ပြုလုပ်သင့်ပါတယ်။ သူတို့ ဘာသာတရားကို လေးစားကြောင်းလည်း သူတို့ သဘောပေါက်ပါစေ။ ဘာသာတရားဆိုတာ သိပ်အကဲဆတ်တဲ့ အရာမျိုး ဖြစ်တဲ့အတွက် ခရီးသွားသူတွေအနေနဲ့ အထူးသတိထား လိုက်နာသင့်ပါတယ်။
(၄) သင့်တော်တဲ့ အဝတ်အစားမျိုး ရွေးချယ်ဝတ်ဆင်ပါ
နိုင်ငံအများစုမှာ အဝတ်အစားက သိပ်ပြဿနာ မဟုတ်ပေမယ့် ရှေးရိုးစွဲနိုင်ငံတွေမှာတော့ ပြဿနာ ရှိနိုင်တဲ့အတွက် ရှေးရိုးစွဲကြီးတဲ့ နိုင်ငံတွေကို သွားရောက် လည်ပတ်ကြတဲ့အခါ ခရီးသွားတွေအနေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုကို အလေးထားတဲ့အနေနဲ့ အဝတ်အစားကို အထူးဂရုစိုက် ဝတ်ဆင်သင့်ပါတယ်။
Ref: bustle
You may also like these stories:
ဆောင်းရာသီမှာ ခရီးသွားမယ့်သူတွေ မမေ့မလျော့ထည့်သွားသင့်တဲ့ ပစ္စည်းများ
ခရီးသွားခြင်းဟာ ကလေးတွေအတွက် အကောင်းဆုံး ပညာရေး ဖြစ်သည်