Travel

၃ ရက်အတွင်း အမှိုက် ၁၈ တန်ကျော်ရှင်းလင်းခဲ့ရတဲ့ ဘာလီကျွန်းက ကူတာကမ်းခြေ

အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီကျွန်းက ကူတာကမ်းခြေဟာ နိုင်ငံတကာခရီးသွားအကြားမှာ ရေပန်းစားတဲ့ ကျွန်းတကျွန်းဖြစ်ပေမယ့် ကမ်းခြေရဲ့အလှအပက တောင်လိုပုံနေတဲ့ အမှိုက်တွေအောက်မှာ  ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့ပါတယ်။

ပလတ်စတစ်အမှိုက်တွေ ၊ သစ်ကိုင်းခြောက်တွေ နဲ့ လူတွေ စွန့်ပစ်လိုက်တဲ့စွန့်ပစ်ပစ္စည်းတွေက ရေလှိုင်းနဲ့အတူ ကမ်းခြေပေါ်မှာ လာရောက်စုပုံနေတဲ့အတွက်ကြောင့် လာရောက်လည်ပတ်ကြတဲ့ နိုင်ငံတကာခရီးသွားတွေအနေနဲ့ ရေကူးဖို့တောင် အခက်အခဲ ကြုံနေရပါတယ်။

ဒါကြောင့်လည်း သက်ဆိုင်ရာအာဏာပိုင်တွေက ၃ ရက်ကြာအချိန်ယူပြီး ကမ်းခြေပေါ်တင်နေတဲ့ အမှိုက်တွေကို ရှင်းလင်းခဲ့ရပါတယ်။ နေ့စဉ်ရှင်းလင်းရတဲ့အမှိုက်တန်ချိန်က ၆ တန်နီးပါးရှိပြီး ထရပ် ကား ၃ စီးနဲ့ သယ်ယူရှင်းလင်း ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း အမှိုက်တန်ချိန်ပေါင်း ၁၀၀ နီးပါးကို သန့်ရှင်းရေးဝန်ထမ်း ၇၀၀၊ ထရပ်ကား ၃၅ စီးနဲ့ ရှင်းလင်းခဲ့ရပါသေးတယ်။ တွက်ချက်ထားတဲ့စာရင်းတွေအရဆိုရင် အင်ဒိုနီးရှား နိုင်ငံက နှစ်စဉ် အမှိုက်တန်ချိန်ပေါင်း ၁ ဒဿမ ၂ သန်းတန်နီးပါးထွက်ရှိနေပြီး အများးစုကတော့ ပလတ်စတစ်နဲ့ သစ်သားတွေပါပဲ။

လေ့လာဆန်းစစ်သူတွေရဲ့ခန့်မှန်းခြေကတော့ ဘာလီကျွန်းမှာ နှစ်စဉ်ထွက်ရှိနေတဲ့ အမှိုက် ၈၀ ရာခိုင်နှုန်းက ပင်လယ်သမုဒ္ဒရာနဲ့ ကျွန်းရဲ့ပင်ကိုယ်အမှိုက်တွေဖြစ်ပြီး ဟိုတယ်နဲ့ ကျေးရွာတွေကလူ  တွေကလည်း ပင်လယ်နဲ့ ကမ်းခြေတွေကို အမှိုက်စွန့်ပစ်တဲ့အတွက်ကြောင့်လို့ သိရပါတယ်။

အခုအချိန်မှာဆိုရင်တော့ ဘာလီကျွန်းကကမ်းခြေတွေဟာ အမှိုက်ပြဿနာကို ကြီးကြီးမားမား ရင်ဆိုင်နေကြရ ပါတယ်။ လူတွေအနေနဲ့ ပင်လယ်တွင်းကို မဆင်မခြင်စွန့်ပစ်တဲ့အမှိုက်တွေကြောင့် လည်း ရေနေသတ္တဝါများစွာ သေဆုံးနေကြရပါတယ်။

အခုလို အမှိုက်တွေကိုမဆင်မခြင်စွန့်ပစ်တဲ့ အတွက်ကြောင့် ခရီးသွားလုပ်ငန်းကိုထိခိုက်မှုတွေရှိနေသလို မြို့တွေမှာ ရေလမ်းကြောင်းပိတ်ဆို့ တာ ၊ ရေကြီးတာစတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာပြဿနာကို ကြုံနေကြရပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ ပင်လယ်သန့်ရှင်းရေး လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာတော့ ပင်လယ်တွင်းက အမှိုက်တွေကို ၇၀ ရာခိုင်နှုန်းအထိ လျော့ကျသွားအောင် ကြိုးစားသွားမယ်လို့ ကတိပြုထားပါတယ်။

Ref:thestar

You may also like these stories:

လက်မထပ်ရသေးဘဲ အတူနေတဲ့ စုံတွဲတွေကို ထောင်ဒဏ် ချမှတ်မယ့် ဘာလီကျွန်း

ကိုမိုဒိုနဂါးတွေ မျိုးသုဉ်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကိုမိုဒိုကျွန်း

Loading